မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်နိုင်၍ ဂျပန်က တပ်လှန့်ထား

ဓာတ်ပုံ - ရိုက်တာ
မြောက်ကိုရီးယားက နိုင်ငံတည်ထောင်ခြင်းနေ့ အထိမ်းအမှတ်အနေနဲ့ နျူကလီးယားဖြစ်စေ၊ ဒုံးကျည်ဖြစ်စေ စမ်းသပ်မယ့် ဖြစ်နိုင်ချေအတွက် ဂျပန်က တပ်လှန့်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီး အစ်စုနိုရိ အိုနိုဒဲရက သတင်းထောက်တွေကို ဒီနေ့ ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားဟာ နိုင်ငံတည်ထောင်ခြင်းနေ့ကို စက်တင်ဘာ ၉ ရက်မှာ ကျင်းပဖို့ ရှိနေတာပါ။ နိုင်ငံတကာက ပြစ်တင်ရှုတ်ချနေပေမယ့် အာခံရင်း နျူကလီးယားလက်နက်တွေနဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေကို ဆက်ပြီး စမ်းသပ်နေဆဲ ဖြစ်ပါတယ်။ အထီးကျန် မြောက်ကိုရီးယား အစိုးရဟာ မကြာသေးခင်က ၆ ကြိမ်မြောက် နျူကလီးယား စမ်းသပ်ခဲ့ပြီး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် အိုင်စီဘီအမ်မှာတပ်မယ့် ဟိုက်ဒရိုဂျင်ဗုံးလို့ အခိုင်အမာ ပြောခဲ့ပါသေးတယ်။ မနှစ်က မြောက်ကိုရီးယားဟာ စက်တင်ဘာ ၉ ရက် နိုင်ငံတည်ထောင်ခြင်းနေ့မှာ ငါးကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို ဆောင်ရွက်ခဲ့ပါတယ်။ စက်တင်ဘာ ၅ ရက်နေ့ကတော့ တာဝေးပစ်ဒုံးကျည်ကို ပစ်ခတ် စမ်းသပ်ခဲ့ပါတယ်။

More News
Up