မိုးကြိုးနှင့်မုန်တိုင်း အမြွာညီအစ်ကို မွေးဖွားခဲ့သည့် ထိုင်းမင်းသမီး ချုမ်းဖူး

ဓာတ်ပုံ - အမ်ထိုင်း
4.5K
ထိုင်းနိုင်ငံက နာမည်ကြီး သရုပ်ဆောင်၊ ရုပ်ရှင်မင်းသမီး ချုမ်းဖူး အာရယာဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက် နေ့ခင်းပိုင်းက ဘန်ကောက် ဘန်းရုန်းရတ်ဆေးရုံကြီးမှာ အမြွှာညီအစ်ကို သားယောက်ျားလေး ဖွားမြင်ခဲ့ပါတယ်။
အမြွှာကလေး ၂ ဦးမှာ တဦးနဲ့တဦးကြား တမိနစ်သာကွာခြားပြီး အရပ်အမောင်းတူညီကာ ကိုယ်အလေးချိန်လည်း ၁၀ ဂရမ်ခန့်သာ ကွာခြားပါတယ်။
မိုးသားမိုးတိမ်တွေ လိပ်တက်လာချိန်မှာ မွေးဖွားခဲ့တဲ့အတွက် သားကြီးကို မိုးကြိုးလို့ အဓိပ္ပာယ်ရတဲ့ (Thunder - ဆိုင်ဖ) နဲ့ သားငယ်ကို မုန်တိုင်းလို့ အဓိပ္ပာယ်ရတဲ့ (Storm - ဖာယု) ဆိုတဲ့ အမည်မှည့်ပေးခဲ့တာလို့ သူတို့မိဘက သတင်းထောက်တွေကို ပြောပါတယ်။
မင်းသမီးချုမ်းဖူးဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က သန်းကြွယ်သူဌေးသား နွတ် ဝိဆရုတ်ရန်း ဆီဆိန်ဖိမ်းနဲ့ ကြီးကျယ်ခမ်းနားစွာ လက်ထပ်ခဲ့ပြီး သူမဟာ မင်္ဂလာသတို့သမီးကြေး ဘတ် ၁၀၈ သန်း ရခဲ့တဲ့အတွက် အဲဒီနှစ်ထဲမှာ ကံအကောင်းဆုံး သတို့သမီးအဖြစ် ပြောဆိုခဲ့ကြပါတယ်။
သူမ မီးဖွားမယ့်နေ့မှာလည်း နှစ်ဘက်သော မိခင်နဲ့ ဆွေမျိုးညာတကာတွေ ဆေးရုံမှာ သွားရောက်စောင့်ဆိုင်း အားပေးကြရာမှာ ကြိတ်ကြိတ်တိုး စည်ကားခဲ့ပါတယ်။