အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး ပိုပြီးအားထုတ်ရန် ပါကစ္စတန်စစ်တပ် အကြီးအကဲ ပြော

ဓာတ်ပုံ - ဒေးလီးတိုင်းမ်စ်
အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့ ကမ္ဘာကြီးအနေနဲ့ ပိုပြီး ကြိုးပမ်းအားထုတ်ရမယ်လို့ ပါကစ္စတန်စစ်တပ် အကြီးအကဲက ပြောကြားသွားပါတယ်။ စက်တင်ဘာ ၆ ရက်မှာ ပါကစ္စတန် စစ်တပ်မြို့တမြို့ဖြစ်တဲ့ ရာဝယ်လ်ပင်ဒီမြို့မှာလုပ်တဲ့ ကာကွယ်ရေးနေ့ အခမ်းအနားမှာ ပါကစ္စတန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာမာဂျာဗားဘဂျဝါက အဲဒီလိုပြောကြားခဲ့တာပါ။ ပါကစ္စတန်အပေါ် ထောက်ပံ့ကူညီနေမှုတွေကို လျှော့ချဖြတ်တောက်ဖွယ်ရှိတယ်လို့ အမေရိကန်အစိုးရက သြဂုတ်လမှာ ပြောကြားထားပါတယ်။ ပါကစ္စတန်နိုင်ငံထဲမှာရှိတဲ့ တာလီဘန် အကြမ်းအုပ်စု အပါအဝင် တခြားအကြမ်းဖက်အဖွဲ့တွေကို ပါကစ္စတန်အစိုးရက ပြတ်ပြတ်သားသား ကိုင်တွယ်မှု မရှိတာကြောင့် အမေရိကန်အစိုးရက စိတ်ပျက်နေတာပါ။ အကြမ်းဖက်သမားတွေဟာ ပါကစ္စတန်နိုင်ငံမှာ ခိုလှုံပြီး အာဖဂန်နစ္စတန်နိုင်ငံမှာ တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ အမေရိကန်အစိုးရက စွပ်စွဲထားတာလည်းဖြစ်ပါတယ်။ ကျနော်တို့ နှစ် ၂၀ စစ်ပွဲ ဆင်နွှဲပြီး ကြိုးစားခဲ့ စွန့်လွှတ်ခဲ့ပေမယ့် ကျနော်တို့ကို  အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ လုံလောက်တဲ့ အားထုတ်မှု မလုပ်ဘူးဆိုပြီး စွပ်စွဲနေကြပါတယ်။ ပါကစ္စတန်ကိုတောင် အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး မလုပ်ဘူးလို့ဆိုရင် ဒီကမ္ဘာမှာ အကြမ်းဖက်မှုကို တိုက်ဖျက်နေတဲ့နိုင်ငံ ဘယ်နိုင်ငံမှ မရှိတော့ဘူး" လို့ ဗိုလ်ချုပ်ကြီး ကာမာဂျာဗားဘဂျဝါက ပြောကြားသွားတာပါ။ “ကျနော်တို့လုပ်ခဲ့တဲ့ ရှာဒီစစ်ဆင်ရေးကအစ တခြားတခြားသော စစ်ဆင်ရေးများစွာမှာ ကျနော်တို့ရဲ့နယ်မြေတွေ၊ သွေးတွေကို စွန့်လွှတ်ခဲ့ရတယ်။ ဒီတော့ ကျနော်ပြောချင်တာက အခု ကမ္ဘာကြီးက ဒီတိုက်ဖျက်ရေးကို ပိုပြီး လုပ်ရပါလိမ့်မယ်လို့ ပြောချင်ပါတယ်” လို့ ဗိုလ်ချုပ်ကြီး ကာမာဂျာဗားဘဂျဝါက ပြောကြားသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up