မီးလောင်ကားထဲမှ လွတ်မြောက်လာသည့် ဒရိုင်ဘာ၏ ထိတ်လန့်ဖွယ်ရုပ်သံ ထွက်ပေါ်

လမ်းမပေါ်က မီးတိုင်ကို တိုက်မိပြီး မီးစွဲလောင်နေတဲ့ ကားထဲက ထွက်လာနိုင်တဲ့ ကားမောင်းသမားတဦး အံ့သြဖွယ်ရာ အသက်ရှင်တဲ့ ဗွီဒီယိုရုပ်သံတခု ထွက်ပေါ်လာပါတယ်။ ယူကရိန်းနိုင်ငံရဲ့ မြို့တော် Kiev ကိ့ဗ်မှာ အိုပယ်ကားတစီး တိုယိုတာကားနဲ့ စတင်တိုက်မိပြီးနောက် လမ်းမီးတိုင်ကို ဝင်တိုက်ကာ အိုပယ်ကား မီးစွဲလောင်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။ ကားတိုက်မှုမှာ ဘယ်ကားကြောင့် စဖြစ်တယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ဆိုပါတယ်။ မျက်မြင်သက်သေတွေရဲ့အဆိုအရ အိုပယ်ကားမောင်းသမားရဲ့ အဝတ်အစားတွေနဲ့ အရေပြားတွေ ကွာထွက်လာပြီး မီးတောက်ထဲကနေ လွတ်မြောက်လာတာလို့ ဆိုပါတယ်။ အမည်မသိတဲ့ ကားမောင်းသမား မီးတောက်ထဲကနေ လွတ်မြောက်လာပြီး ကားက မီးဆက်စွဲလောင်နေတဲ့ ထိတ်လန့်ဖွယ်အခိုက်အတန့် ရုပ်သံကို မျက်မြင်တဦးရဲ့ မိုဘိုင်းဖုန်းနဲ့ ရိုက်ကူးခဲ့တာလို့ သိရပါတယ်။ ရုပ်သံထဲမှာ ကားမောင်းသမားက ကားထဲကနေ ထွက်လာပြီး လမ်းမပေါ် လဲမကျသွားခင် လမ်းမထက် တွားသွားနေတာကို တွေ့မြင်ရပါတယ်။ ဒါကိုတွေ့မြင်တဲ့သူတွေက “ကားထဲမှာ လူတယောက် သူခုထိ အသက်ရှင်နေသေးတယ်” လို့ ပြောနေသံကို ရုပ်သံထဲမှာ ကြားရပါတယ်။ အဲ့ဒီနောက်မှာ မောပန်းနွမ်းနယ်နေတဲ့ ကားသမားကို ဖြတ်သွားဖြတ်လာတွေက အမြန်လာပြီး ကူညီပေးနေတာတွေ့ရပါတယ်။ ဒေသခံသတင်းမီဒီယာရဲ့အဆိုအရ ကားသမားက အခြားကားသမားကို လမ်းမပေးခဲ့လို့ ဒီလိုယာဉ်တိုက်မှုဖြစ်ခဲ့တာ၊ ကားကတော့ ၂ မိနစ်အတွင်း လုံးဝ မီးလောင်ကျွမ်းသွားတယ်လို့ ဆိုပါတယ်။ ကားသမားရဲ့ မီးလောင်ဒဏ်ရာတွေကို ဆေးကုသခဲ့ရပြီး အသက်အန္တရာယ်မရှိဘူးလို့ သိရပါတယ်။ တရားဝင် စာထုတ်ပြန်ခြင်း မရှိသေးပေမယ့် ဒီယာဉ်မတော်တဆ တိုက်မှုကို ရဲတွေက စုံစမ်းနေတယ်လို့ မေရာသတင်းမှာ စက်တင်ဘာ ၆ ရက်နေ့က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up