ထိုင်းတွင် ကားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မိ၊ ကားပေါ်ပါ ကလေးငယ် သေဆုံး (ရုပ်သံ)

ထိုင်းနိုင်ငံ အဝေးပြေးလမ်းမတခုပေါ်မှာ လမ်းအတိုင်းမောင်းနှင်လာတဲ့ ကားတစီးကို လမ်းပြောင်းပြန်မောင်းလာခဲ့တဲ့ ကားတစီးက ခေါင်းချင်းဆိုင် ၀င်တိုက်မိခဲ့ပြီး ကားပေါ်ပါ ၆ လ အရွယ်ကလေးငယ်တဦး သေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဆူဖန်ဘူရီဒေသမှာ စက်တင်ဘာ ၅ ရက်နေ့က ဖြစ်ခဲ့တာ ဖြစ်ပြီး အနက်ရောင်ပစ်ကပ်ကားဟာ လမ်းအတိုင်းမောင်းနှင်လာခဲ့ချိန်မှာ ခဲရောင်ပစ် ကပ်ကားတစီးက လမ်းပြောင်းပြန်မောင်းနှင်လာပြီး အရှိန်နဲ့ တိုက်မိခဲ့တာကို ရုပ်သံဗွီဒီယို ဖိုင်ထဲမှာ တွေ့ရပါတယ်။ အနက်ရောင်ကားဟာ အဝေးပြေးလမ်းမပေါ် ကွေ့တခုအရောက်မှာ ခုလိုတွေ့လိုက်ရတာမို့ ရှောင်တိမ်းဖို့ အခွင့်အလမ်းမရနိုင်ခဲ့ဘူးလို့ ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။ ဒီမတော်တဆမှုမှာ လူ ၆ ဦး ထိခိုက်ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရရှိသွားခဲ့ပြီး လမ်းသွားလမ်းလာတဦးက ၀င်ရောက်ကူညီခဲ့ကာ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ ကားပေါ်ပါ အမျိုးသမီးတဦးက သူ့ရဲ့ ၆ လအရွယ်ကလေးငယ်ဟာ  သေဆုံးသွား ခဲ့တယ်လို့ အင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာပါ။ ဒီမတော်တဆမှုမှာ ခဲရောင်ပစ်ကပ်ကားမောင်းသူဟာ မြန်မာအမျိုးသားတဦးဖြစ် တယ်ဆိုပြီး ထင်ကြေးပေးနေခဲ့ကြပေမယ့် ရဲတွေကတော့ ထိုင်းအမျိုးသားဖြစ်တယ်လို့ ပြောပါတယ်။ ယာဉ်မောင်းဟာ မှားယွင်းတဲ့ လမ်းကြောင်းက မောင်းနှင်ခဲ့ပြီး ခုလိုဖြစ်ရတဲ့အပေါ် ဝေဖန်မှုတွေလည်း မြင့်တက်နေခဲ့တာပါ။ သူဟာ အဲဒီအချိန်မှာ အရက်သေစာသောက်စားထားခဲ့သလားဆိုတာကိုတော့ မသိနိုင်သေးပဲ ဆေးရုံက သွေးစစ်ဆေးချက်အဖြေရမှသာ သိနိုင်မယ်လို့ ဆိုပါတယ်။ ယာဉ်မောင်းဖြစ်သူဟာ ယာဉ်ကို မဆင်မခြင်မောင်းနှင်မှုအပြင် လူသေစေခဲ့တဲ့အတွက် ပြစ်ဒဏ်ချ မှတ်ခံရမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up