တောင်ကိုရီးယားတွင် အမေရိကန် ဒုံးခွင်းဒုံးစနစ် တပ်ဆင်မှု တရုတ်ထပ်မံ ကန့်ကွက်

တောင်ကိုရီးယားမှာ အမေရိကန်က ဒုံးခွင်းဒုံးစနစ်တပ်ဆင်နေတာကို တရုတ်နိုင်ငံက ထပ်မံကန့်ကွက်ခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန်နဲ့ ပူးပေါင်းပြီး အမေရိကန်က စစ်ရေးလေ့ကျင့်နေတာနဲ့ သဒ်လို့ခေါ်တဲ့ ဒုံးခွင်းဒုံးစနစ်တပ်ဆင်နေတာတွေကို တရုတ်နိုင်ငံက စက်တင်ဘာလ ၆ ရက်နေ့မှာ ထပ်မံကန့်ကွက်လိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူက အခုလတ်တလော တောင်ကိုရီးယားရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ “တောင်ကိုရီးယားမှာ အမေရိကန်ကနေ သဒ်စနစ်တပ်ဆင်တာကို ဆန့်ကျင်မြဲဖြစ်တဲ့အတိုင်း မပြောင်းမလဲ ဆန့်ကျင်နေတဲ့ အကြောင်း ထပ်ပြီးပြောချင်ပါတယ်” လို့ ပြောပါတယ်။ ဆက်လက်ပြီး “အခုလိုလုပ်တာက ဒေသတွင်းက လုံခြုံရေးမဟာဗျူဟာတွေရဲ့ ဟန်ချက်ကို ပျက်စီးစေပါတယ်၊ တရုတ်နဲ့ တောင်ကိုရီးယားကြားက ဆက်ဆံရေးတင်မကပဲ ကိုရီးယားကျွန်းဆွယ်ပေါ်က တင်းမာမှုကိုပါ ပိုရှုပ်ထွေးစေပါတယ်၊ တရုတ်နိုင်ငံအနေနဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်ကို ဒေသတွင်းမှာရှိတဲ့ တခြားနိုင်ငံတွေရဲ့ လုံခြုံရေးဆိုင်ရာ ထိခိုက်မှုတွေကို အလေးထားပြီး အခုတပ်ဆင်နေတဲ့ သဒ်စနစ်ကို အမြန်ဆုံးပြန်လည်ဖျက်သိမ်းဖို့ တောင်းဆိုလိုပါတယ်”  လို့ပြောပါတယ်။ ဂေါက်ကွင်းဟောင်းတခုမှာ တပ်ဆင်မယ့် သဒ်စနစ် ၂ ခု ရှိနေပြီး ဘယ်အချိန်မှာ တပ်ဆင်မယ်လို့တော့ တောင်ကိုရီးယားက မပြောကြောင်း ရိုက်တာသတင်းကနေ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up