Live
Home
မြန်မာသတင်း
သွေးထိုးလှုံ့ဆော်မည့်သူများကို အချိန်မီဟန့်တား ထိရောက်စွာအရေးယူရန် သမ္မတ ညွန်ကြား
DVB
·
September 7, 2017
အကြမ်းဖက်မှုတွေ မဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်ဖို့နဲ့ ပြည်သူတွေရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို အခွင့်ကောင်းယူပြီး သွေးထိုးလှုံ့ဆော်မယ့်သူတွေကို အချိန်မီ ဟန့်တားနိုင်ရေး တရားဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဖို့ သမ္မတ ဦးထင်ကျော်က ညွန်ကြားလိုက်ပါတယ်။ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာတွေနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းက နေပြည်တော်မှာ အစိုးရထိပ်တန်းတာဝန်ရှိသူတွေက ရှင်းလင်းတင်ပြတဲ့ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုသမ္မတဦးမြင့်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့က နယ်စပ်ခြံစည်းရိုး ပျက်စီးနေတဲ့ နေရာတွေမှာ အဆင့်မီ လုံခြုံစွာ အမြန်ဆုံး ကာရံဆောင်ရွက်ဖို့၊ ခြံစည်းရိုးကာဖို့ လိုအပ်တဲ့ ဘဏ္ဍာငွေကို နိုင်ငံတော်အစိုးရက ချက်ချင်းဖြည့်ဆည်းပေးဖို့နဲ့ နယ်စပ်ခြံစည်းရိုး လုံခြုံမှု အားနည်းတဲ့နေရာမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ လုံလောက်စွာ တိုးမြှင့်ချထားဖို့တွေ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှုမှာ ပါဝင်သူတွေကို ဥပဒေနဲ့အညီ ဖော်ထုတ်အရေးယူသွားဖို့၊ ရခိုင်ပြည်နယ်အတွင်း ဘာသာ၊ လူမျိုး မခွဲခြားဘဲ လူသားချင်း စာနာမှုအကူအညီတွေ ပေးအပ်ဆောင်ရွက်ဖို့နဲ့ ရခိုင်ပြည်နယ်အတွင်း ဆက်လက်ဆောင်ရွက်မယ့် ရှေ့လုပ်ငန်းစဉ်တွေကို ဝိုင်းဝန်းဆွေးနွေးကြတယ်လို့လည်း ဆိုပါတယ်။ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်အပေါ် လုံခြုံရေးနဲ့ ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေမှု အခြေအနေတွေကို ရှင်းပြခဲ့ပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ အကြမ်းဖက်မှု ဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာပြီး ကယ်ဆယ်ရေးစခန်းတွေကို ရောက်ရှိနေကြတဲ့ တိုင်းရင်းသားတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပံ့ပိုးပေးတဲ့ အခြေအနေတွေ ရှင်းလင်းတင်ပြခဲ့ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကတော့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို အသုံးချပြီး ယုံကြည်မှု အစွန်းရောက်သူတွေက ဆူပူမှုဖြစ်အောင်လုပ်မယ့် အန္တရာယ်ရှိနေကြောင်းနဲ့ ဒီအခြေအနေမျိုးမှာ လုံခြုံရေးအဖွဲ့အစည်းတွေအနေနဲ့ ဥပဒေနဲ့အညီ ထိထိရောက်ရောက် ဟန့်တားပေးဖို့ တင်ပြသွားပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းနဲ့ ဒုဝန်ကြီး ဦးမင်းသူတို့လည်း တက်ရောက်ခဲ့ကြပါတယ်။ ဒါဟာ သြဂုတ် ၂၅ ရက် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ တကျော့ပြန်ဖြစ်ပွားပြီးနောက် သီတင်းနှစ်ပတ်လောက်အကြာမှာ နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှု ဖြစ်ပါတယ်။ ဓာတ်ပုံ-သမ္မတရုံး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024