Homeမြန်မာသတင်း
ဈေးနှုန်းသက်သာစွာ အင်တာနက်သုံးစွဲနိုင်ရေး ကုမ္ပဏီမှ ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် လာရောက်တွေ့ဆုံ
ဈေးနှုန်းသက်သာစွာ အင်တာနက်သုံးစွဲနိုင်ရေး ကုမ္ပဏီမှ ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် လာရောက်တွေ့ဆုံ
DVB
·
September 6, 2017
ပြည်သူတွေ သက်သာတဲ့ ဈေးနှုန်းဖြင့် အင်တာနက်သုံးစွဲနိုင်ရေး Fron Tiir Co., Ltd မှ ဒါရိုက်တာ ဦးနေလင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့မှ ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ ဒီနေ့ နေလယ် ၁ နာရီအချိန်က အစိုးရအဖွဲ့ရုံးမှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။
ဦးနေလင်းက မြန်မာနိုင်ငံမှာ အင်တာနက် ဝန်ဆောင်မှုတွေဟာ ပြင်ပနိုင်ငံတွေထက် ဈေးနှုန်းများပြားနေတာကြောင့် အသက်သာဆုံးနှုန်းထားနဲ့ လူတိုင်း အင်တာနက် သုံးစွဲနိုင်စေဖို့ အတွက် လာရောက်တွေ့ဆုံရခြင်း ဖြစ်ကြောင်း၊ အင်တာနက် ဖြန့်ဝေပေးရာမှာ WiFi စနစ်နဲ့ အသုံးပြုသွားမှာဖြစ်ပြီး အများသုံးဧရိယာဖြစ်တဲ့ ဘုရားတွေ၊ ပန်းခြံတွေ၊ စာသင်ကျောင်းတွေ၊ ဈေးတွေ၊ ကားဂိတ်တွေ စတဲ့ နေရာတွေမှာ Free WiFi Zone ပြုလုပ်ပေးသွားမှာ ဖြစ်ကြောင်း၊ မိမိတို့ကုမ္ပဏီဟာ Internet Gateway လိုင်စင်ရရှိထားပြီးဖြစ်တာကြောင့် သက်သာတဲ့နှုန်းထားနဲ့ ပြည်သူတဦးချင်းစီအတွက် အချိန်မရွေး၊ နေရာမရွေး ၁ ရက် ၃၀၀ ကျပ်နှုန်းနဲ့ အသုံးပြုနိုင်ဖို့ စီစဉ်ထားရှိပေးသွားမှာ ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း အင်တာနက် ဖြန့်ဖြူးပေးနိုင်ဖို့ ဆောင်ရွက်နေတဲ့ ကုမ္ပဏီ ၄ ခုရှိကြောင်း၊ အင်တာနက် ဖြန့်ဖြူးပေးနေတဲ့ ကုမ္ပဏီတွေ ရှိတာကြောင့် သုံးစွဲသူ ပြည်သူတွေအတွက် ဈေးနှုန်းသက်သာတဲ့ အခွင့်အလမ်းတွေ ရရှိနိုင်သလို တိုင်းပြည်အတွက်လည်း အခွန်ဝင်ငွေ ပိုမိုရရှိနိုင်တဲ့အတွက် ပဲခူးမြို့တွင်သာမက ကျန်ရှိတဲ့ ခရိုင်၊ မြို့နယ်တွေမှာလည်း သက်သာတဲ့ နှုန်းထားနဲ့ အင်တာနက် ဖြန့်ဖြူးပေးနိုင်ဖို့ ဆောင်ရွက်ပေးစေလိုကြောင်း မိမိတို့အစိုးရအဖွဲ့ကလည်း လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့ သိရပါတယ်။
သတင်း - အောင်စိုးမိုး