အမျိုးသား ၁၃ ဦးထံမှ မင်္ဂလာဆောင်စရိတ် လိမ်တောင်းသည့် အမျိုးသမီးကို ထိုင်းရဲရှာဖွေ

ဓာတ်ပုံ - ခေါဝ်ဆွတ်
အမျိုးသား ၁၃ ဦးကို လက်ထပ်မယ်ဆိုပြီး သတို့သမီးတင်တောင်းကြေးနဲ့ မင်္ဂလာဆောင်စရိတ် လိမ်လည်တောင်းယူတဲ့ မိန်းကလေးတဦး မနေ့က ထိုင်းနိုင်ငံ ဗဟိုရာဇဝတ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့မှာ တိုင်ကြားခံခဲ့ရတယ်လို့ ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ လက်ရှိ အသက် ၃၃ နှစ်ရွယ်ရှိ ကျရိယာဖန်း ဘိုယိုင် ခေါ် ဖွန်း ဆိုတဲ့ မိန်းကလေးဟာ အမျိုးသားတွေနဲ့ အပြင်မှာရော ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာပါ ချစ်သူ၊ ခင်ပွန်းလောင်းဖြစ်အောင် ဆက်သွယ်ခဲ့ပြီး ဟန်ဆောင်စေ့စပ်တာ၊ ပေါင်းသင်းတာတွေ ပြုလုပ်ကာ ဘတ်သိန်းနဲ့ချီတဲ့ သတို့သမီးတင်တောင်းခ စရံငွေ၊ မင်္ဂလာဆောင်ပွဲ ပြင်ဆင်စရိတ်တွေကို သူ့ရဲ့ ဘဏ်ငွေစာရင်းထဲ လွှဲစေခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ အဲဒီ အမျိုးသား ၁၃ ဦးရဲ့ ရှေ့နေ နိုင်းဆုန်ကန်း အတ်ခ်ျရိယာဆပ်က သတင်းထောက်တွေကို ပြောပါတယ်။ သူမရဲ့ လိမ်လည်လှည့်ဖျားခံရသူ အမျိုးသားတဦးကိုယ်စား ရဲစခန်းကို လာတိုင်ပေးတဲ့ ညီမဖြစ်သူက သူ့အစ်ကိုဟာ ဖွန်းနဲ့ လက်ထပ်မယ်ဆိုပြီး ဖွန်းရဲ့ဘဏ်စာရင်းထဲကို ဘတ်ငွေ ၂ သိန်း လွှဲပေးခဲ့ရကြောင်း၊ အဲဒီနောက် သတို့သမီးအိမ်မှာ စေ့စပ်ပွဲလုပ်ခဲ့စဉ် သတို့သမီးဘက်က မိဘ အပါအဝင် လူ ၇ ဦးသာ ရောက်လာကြောင်း ဆိုပါတယ်။ သူမအစ်ကိုဖြစ်သူက မင်္ဂလာစုံတွဲဓာတ်ပုံကို လူမှုကွန်ရက်ပေါ် တင်လိုက်ရာ တခြားအမျိုးသားတဦးကလည်း သူနဲ့ ဒီလထဲ လက်ထပ်မယ်လို့ ပြောထားတဲ့ အမျိုးသမီးလို့ ပြောဆိုရာက အဖြစ်မှန်ပေါ်သွားပြီး ဖွန်းလည်း သူ့အစ်ကိုကို ရှောင်တိမ်းနေကြောင်း၊ သတို့သားဘက်က လိုက်ရှာရင်း သူမကို ကျန်ထပူရီခရိုင်မှာ တွေ့ပြီး ရဲစခန်းကို ခေါ်သွားရာမှာ စခန်းရောက်တော့ အန်ချင်လို့ အပြင်ခနထွက်မယ်ပြောပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ အလိမ်ခံရသူ နောက်အမျိုးသားတဦးကလည်း သူနဲ့ ဖွန်းဟာ ဖေ့စ်ဘွတ်ခ်ထဲမှာ ၂ လကြာ ရည်းစားဖြစ်ပြီးတဲ့နောက် ဆမုတ်ပရကန်မှာ တွေ့ဆုံခဲ့ကြကြောင်း၊ ဒီလ ၃၀ ရက်နေ့မှာ မင်္ဂလာဆောင်ဖို့ သဘောတူပြီး သတို့သမီးတင်တောင်းခ ဘတ်ငွေ ၂ သိန်း တောင်းခံခဲ့တဲ့အတွက် သူက ငွေမရှိသေးလို့ လာမယ့် နိုဝင်ဘာလထဲကျမှ ဆောင်ဖို့ ပြောထားတာလို့ ဆိုပါတယ်။ နောက်ထပ်အမျိုးသားတဦးကတော့ သူနဲ့ဖွန်းဟာ လွန်ခဲ့တဲ့ ၂  နှစ်က ဖေ့ဘွတ်ခ်မှာ လေးငါးလအကြာ ရည်းစားဖြစ်ပြီး သတို့သမီးတင်တောင်းခ ၂ သိန်းပေးကာ အပြင်မှာ ၄ လကြာ ပေါင်းသင်းခဲ့ကြောင်း၊ ဖွန်းက သူမ ကိုယ်ဝန်ပျက်ကျတယ်လို့ပြောပြီး ဒီနေ့ထိ ထွက်ပြေးတိမ်းရှောင်နေတယ်လို့  ဆိုပါတယ်။ တခြားအမျိုးသားတဦးကတော့ သူ့အနေနဲ့ မင်္ဂလာစရိတ် စရံငွေ ဘတ် ၁ သိန်း ၈ သောင်းနဲ့ ကားတစီးဆုံးရှုံးပြီး သူ့ရဲ့အမထံမှလည်း စီးပွားရေးရင်းနှီးမြှုပ်နှံဖို့ ဘတ် ၁ သိန်း ၂ သောင်း လိမ်သွားတယ်လို့ ဆိုပါတယ်။ လိမ်လည်သူမိန်းကလေးမှာ ထိုင်းမြောက်ပိုင်း လွေးခရိုင် ဝမ်းဆဖုန်းမြို့သူဖြစ်ပြီး လိမ်လည်ခံရတဲ့ အမျိုးသားတွေကတော့ လွေး၊ ချွန်းဖွန်း၊ ပထုန်ဌာနီ၊ ကျန်ထပူရီ၊ လယောင်း စတဲ့ ခရိုင်တွေကဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့က သူမကို ဆက်လက်စုံစမ်းရှာဖွေနေပြီး ဥပဒေအရ သတို့သားဘက်က တင်တောင်းငွေကို သတို့သမီးရဲ့ မိဘတွေက ရရှိမှာဖြစ်တဲ့အတွက် သူမရဲ့ မိဘတွေကိုပါ အရေးယူရလိမ့်မယ်လို့ ရှေ့နေ နိုင်းဆုန်ကန်းက သတင်းထောက်တွေကို ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up