ညောင်လေးပင်မြို့တွင်​ ဗိုလ်ချုပ်မြင်းစီးရုပ်တုကို သိန်း ၁၅၀ အကုန်ကျခံ စတင်တည်ဆောက်နေ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်မှာ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တု ထားရှိနိုင်ဖို့ သြဂုတ်လ ၂၂ ရက်နေ့မှ စတင်ကာ သိန်း ၁၅၀ အကုန်ကျခံတည်ဆောက်တာ စတင်ပြုလုပ်နေပြီလို့ ဦးဆောင်ကော်မတီက ပြောပါတယ်။ ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေး ရန်ကုန်-မန္တလေး-မဒေါက်လမ်းဆုံမှာ အထိုင်အုတ်ခုံ အလျား ၁၃ ပေ၊ အနံ ၆ ပေ၊ အမြင့် ၉ ပေခွဲ အာစီကွန်ကရစ် ကျောက်ထုတ်လောင်းကာ ဗိုလ်ချုပ်ရုပ်တုကို အင်္ဂတေအမျိုးအစား မိုလောင်းပြီး ဦးခေါင်းမှ မြင်းခွာအထိ ၁၅ ပေထားရှိကာ တည်ဆောက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဦးဆောင်ကော်မတီက ဦးမျိုးမင်း “ကျနော်တို့ ဒီဗိုလ်ချုပ်မြင်းစီးရုပ်တုကို ဗိတုကာပညာရှင် ကိုအောင်ကျော်ထွန်းနဲ့ ထုလုပ်သွားမှာပါ။ အခုတော့ အောက်ခြေအုတ်ခုံကို စတင် တည်ဆောက် နေပါပြီ။ အုတ်ခုံ ပြီးသွားပြီဆိုရင်တော့ ဒီအုတ်ခုံပေါ်မှာပဲ ဗိုလ်ချုပ်မြင်းစီးရုပ်တုကို အင်္ဂတေနဲ့ မိုလောင်မှာပါ။ ဒါကတော့ ကျနော်တို့ စုပေါင်းအလှူငွေနဲ့ တည်ဆောက်နေတာပါ။ ကျနော်တို့မြို့မှာရှိတဲ့ ပါတီစုံက လူတွေပါတယ်။ ဝိုင်းဝန်းပြီး အကောင်အထည်ဖော်နေကျတာပါ။ အောက်ခြေတော့ ပြီးခါနီးပါပြီ။ မိုးတွင်းကာလ ဆိုတော့ လုပ်ရကိုင်ရတာ နည်းနည်းတော့ အခက်အခဲရှိတာပေါ့”လို့ ဒီဗွီဘီကို ပြောပါတယ်။ ဦးဆောင်ကော်မတီဝင် ဦးခင်မောင်လွင်က “ဒီဗိုလ်ချုပ်မြင်းစီးရုပ်တုကြီး ပြီးသွားရင် ကျနော်တို့မြို့အတွက် ဂုဏ်ယူစရာပါ။ နောင်လာနောင်သားတွေအတွက်လည်း အမွေကောင်းကို ထားခဲ့နိုင်ပြီလေ။ ကလေးတွေ မနက် ကျောင်းသွားကျောင်းပြန် ဗိုလ်ချုပ်ရုပ်တုကို မြင်နေရမှာ ဆိုတော့ ဗိုလ်ချုပ်ရဲ့ ကျေးဇူးတရားကို အမြဲသတိရနေပြီး နေ့တိုင်း မမေ့တော့ဘူးပေါ့”လို့ ပြောပါတယ်။ အဆိုပါ ဗိုလ်ချုပ်မြင်းစီးရုပ်တုကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အမီ ထုလုပ်သွားမှာဖြစ်ပြီး ဗိုလ်ချုပ်မွေးနေ့မှာ အခမ်းအနားနဲ့တကွ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up