အာဆီယံ ယူ-၁၈ ဘောလုံးပြိုင်ပွဲတွင် အိမ်ရှင် မြန်မာအသင်း အင်ဒိုကို ၁ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့် (ဓာတ်ပုံ)

၂၀၁၇ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု ခ အဖွင့်ပွဲစဉ်တွေကို မနေ့ညနေက သုဝဏ္ဏကွင်းမှာ ကျင်းပရာ အိမ်ရှင်မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို ၁ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မြန်မာအသင်းဟာ အင်ဒိုနီးရှားနဲ့ ပွဲဦးထွက်ပွဲစဉ်မှာ ရလဒ်ကောင်းရရှိဖို့အတွက် အတောင့်တင်းဆုံး လူစာရင်းကို ပွဲထုတ်ယှဉ်ပြိုင်ခဲ့တာပါ။ ပထမပိုင်းမှာ မြန်မာအသင်းက ပိုမိုဖိကစားနိုင်ခဲ့ပြီး အဖွင့်ဂိုးကိုလည်း ၂၈ မိနစ်မှာ ညာတောင်ပံ ဖြတ်တင်ဘောမှတဆင့် ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်က အပိုင်ပိတ်သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မြန်မာအသင်း ကစားအားကျသွားခဲ့ပြီး အင်ဒိုနီးရှားအသင်းက ကွင်းတဝက်အထိ ဖိကစားခဲ့ပါတယ်။ အင်ဒိုနီးရှားအသင်းဟာ အိမ်ရှင် မြန်မာအသင်းကို ခပ်ကြမ်းကြမ်းကစားခဲ့ပြီး ပွဲချိန်တလျှောက်လုံး ကစားအားကောင်းကောင်းနဲ့ ကစားနိုင်ခဲ့ပါတယ်။ အင်ဒိုနီးရှားအသင်းအတွက် ချေပဂိုးကို ၇၁ မိနစ်မှာ ဗီကရီက ခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။ မြန်မာအသင်းရဲ အဓိက ကစားသမားတချို့ ဒဏ်ရာပြဿနာကြောင့် လူစားလဲလှယ်ခဲ့ရပြီးနောက်ပိုင်း မြန်မာအသင်း ကစားအား လုံးဝကျသွားခဲ့ပြီး အင်ဒိုနီးရှားအသင်းကပဲ ဆက်တိုက်ဖိကစားခဲ့ပါတယ်။ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ အင်ဒိုနီးရှားအတွက် ဗီကရီကပဲ အနိုင်ဂိုးသွင်းယူခဲ့လို့ အင်ဒိုနီးရှားက အိမ်ရှင် မြန်မာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ပွဲဦးထွက် အဖွင့်လှခဲ့ပါတယ်။ မနေ့က အစောပိုင်းယှဉ်ပြိုင်တဲ့ ဖိလစ်ပိုင်နဲ့ ဘရူနိုင်းတို့ ပွဲစဉ်မှာတော့ နှစ်ဘက် အပြန်အလှန် ဂိုးတွေသွင်းပြီး ဘရူနိုင်းက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဖိလစ်ပိုင်အတွက် ဂိုးတွေကို ၃၂ မိနစ်မှာ ဆူဘာနဲ့ ၅၄ မိနစ်မှာ တကာဒွန်တို့က သွင်းယူပေးခဲ့ပါတယ်။ ဘရူနိုင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ ၃၃ မိနစ်မှာ မာတင်းဆာအိဒ်၊ ၄၉ မိနစ်မှာ နော်ဆမ်ရီနဲ့ ၆၅ မိနစ်မှာ ရမ်လီတို့က သွင်းယူပေးခဲ့ပါတယ်။ အုပ်စု ခ အဖွင့်ပွဲစဉ်တွေ အပြီးမှာတော့ ဘရူနိုင်းနဲ့ အင်ဒိုနီးရှားတို့က အုပ်စုကို ဦးဆောင်ထားနိုင်ပါတယ်။ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု က ဒုတိယပွဲစဉ်တွေကို ဒီနေ့ ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပြီး နေ့လယ် ၃ နာရီ သုဝဏ္ဏကွင်းမှာ ကမ္ဘောဒီးယားနဲ့ တီမော၊ အောင်ဆန်းကွင်းမှာ မလေးရှားနဲ့ စင်ကာပူ၊ ညနေ ၆ နာရီ သုဝဏ္ဏကွင်းမှာ လာအိုနဲ့ ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up