Home
ဆောင်းပါး
အာဏာတခွက်နှင့် တပုလင်းစာ မူးနေသူများ မဖြစ်စေလို
DVB
·
September 5, 2017
အာဏာဆိုတာ မူးယစ်စေတတ်တဲ့ အရက်နှင့် အလားသဏ္ဌာန်တူပါတယ်။ သူများသောက်လို့ မူးယစ်နေတဲ့အခါ ရုပ်ပျက်ဆင်းပျက် မြင်နေရပေမယ့် ကိုယ်တိုင် သောက်လိုက်တဲ့အခါ ကိုယ်တွေ့ကြုံခဲ့ရတဲ့ လူတွေလို ဖြစ်လာတတ်သလို ကိုယ်ခံအားမကောင်းရင် သူများက တပုလင်းကုန်မှ ရုပ်ပျက်ဆင်းပျက်ဖြစ်တာ၊ ကိုယ်က တခွက် တဖလားလောက်နဲ့ ရုပ်ပျက်ဆင်းပျက်တတ်တဲ့ အမျိုးပါ။ ငယ်ငယ်ကတည်းက လေ့လာခဲ့ရတဲ့ လောကနီတိ စာသားတပိုင်းတစကို သတိရမိပါတယ်။ ဦးချိုရှိသော သတ္တဝါတွေဟာ ဦးချိုကြောင့် မာန်မာန တက်ကြသလို အစွယ်ရှိတဲ့ သတ္တဝါတွေဟာလည်း အစွယ်ကြောင့် မာန်မာနတက်တတ်တယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေကို အဆင့်မြင့်တဲ့နိုင်ငံတွေ၊ ဒီမိုကရေစီ နေသားကျတဲ့ နိုင်ငံတွေမှာ တွေ့ဖို့မရှိပေမယ့် ကျနော်တို့နိုင်ငံလို ဒီမိုကရေစီလမ်းစဉ်ဆီကို လျှောက်နေဆဲလည်းဖြစ်၊ စစ်အာဏာစနစ်နဲ့ နေသားကျလာခဲ့တဲ့ နိုင်ငံမှာတော့ ဒါတွေကို နေရာတိုင်းလိုလိုမှာ မြင်ကြရပါတယ်။ ခုချိန်ထိလည်း တွေ့နေ၊ မြင်နေရဆဲပါပဲ။ လုပ်ငန်းတာဝန်တခုမှာ အရေးပါတဲ့ နေရာတခုကို ရပြီဆိုရင် ကိုယ်ခံအားမကောင်းတဲ့ စိတ်ပိုင်ရှင်တွေဟာ အလိုလိုနေရင်း ဘဝင်မြင့်တတ်ကြပါတယ်။ ဒါတွေကို အစိုးရရုံးဌာနမှာသာ မဟုတ်ပါဘူး။ တက်ကြွလှုပ်ရှားသူတွေ၊ လူမှုအဖွဲ့အစည်းတွေမှာလည်း တွေ့နေကြရပါတယ်။ ဒီလူတွေဟာ ငါ့ကြောင့် ဒီလိုနေရတာ၊ ငါ့ကြောင့် ဒီလိုမျိုးဖြစ်လာရတာဆိုပြီး ကိုယ်ကူညီလိုက်တဲ့သူတွေအပေါ် မုဒိတာစိတ်လောက်မှာ မရပ်ဘဲ လွှမ်းမိုးလိုစိတ်ပါ ကြီးမားသွားရင် ကျနော်တို့ရဲ့ ကူညီသူ လူမှုခေါင်းဆောင်တွေဟာ အချိုးတွေ ပြောင်းကုန်ပါတော့တယ်။ ကျနော်တို့ဆီမှာလည်း တော်ကြာ ရေကြီးလိုက်၊ တော်ကြာ စစ်ဖြစ်လိုက်ဆိုတော့ ဒုက္ခသည်တွေ ခဏ ခဏ ဖြစ်ကြရပါတယ်။ ဖြစ်လာပြီဆိုတော့လည်း ကူညီပေးမယ့်သူတွေ ရှိလာကြပြန်ပါတယ်။ လူလူချင်း ကူညီခြင်းဟာ မွန်မြတ်သောလုပ်ရပ်ပါ။ ကမ္ဘာပ်ါမှာ သီလရှင်ပေါင်းများစွာ ရှိခဲ့ပေမယ့် မာသာထရီဇာပေါင်းများစွာ မရှိခဲ့ပါဘူး။ ဆရာဝန်တွေ များစွာရှိခဲ့ပေမယ့် ဟင်နရီဒူးနန့်ပေါင်းများစွာ မရှိခဲ့ပါဘူး။ သူနာပြုတွေ ရှိခဲ့ပေမယ့် ဖလော်ရင့် နိုက်တင်ဂေးများစွာ မရှိခဲ့ပါဘူး။ ဒီတော့ ကူညီမယ့်သူတွေ လိုအပ်လှပါတယ်။ ဒါပေမယ့် ငါကူညီနေရတယ်ဆိုပြီး မာန်တက်နေရင် သူ့ကို မှီခိုနေရတဲ့သူတွေဟာ စိတ်လက်ချမ်းသာနိုင်ပါ့မလား။ ဒါတွေကို တွေးမိပါတယ်။ မနှစ်ကစစ်ဖြစ်တော့ ကျနော်တို့ဒေသက မြို့တမြို့မှာ ထုံးစံအတိုင်း ဒုက္ခသည်တွေ ရောက်လာပါတယ်။ ပြုလုပ်နေကျအတိုင်း ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ပါတယ်။ ထုံးစံအတိုင်း တာဝန်ခံဆိုသူတွေလည်း ရှိတာပေါ့။ အဲဒီစခန်းကို ကျနော်တို့ လေ့လာကြည့်တော့ တာဝန်ခံဆိုတဲ့သူတွေဟာ ကုလားထိုင်တလုံးပေါ်မှာ မြိန့်မြိန့်ကြီး ထိုင်လို့။ လာလှူတဲ့သူတွေကိုလည်း ဖော်ဖော်ရွေရွေ မရှိဘူး။ ခပ်တည်တည်ပဲ။ သြော် အလှူရှင်တွေလည်း စိတ်ချမ်းသာလိုက်မယ့်ဖြစ်ခြင်း။ အဲဒီစခန်းမှာ နေတဲ့သူတွေလည်း စိတ်ချမ်းသာလိုက်မယ်ဖြစ်ခြင်း။ ဒီလူတွေရဲ့စိတ်ထဲမှာ ဘာတွေဖြစ်သွားလဲဆိုတော့ ဒါတွေအားလုံးကို ငါ တာဝန်ယူထားရတာ၊ ငါဟာ ပေါ့သေးသေးမဟုတ်ဘူး ဆိုပြီး တွေးနေမှာပါ။ တကယ်တမ်းက ဒီစခန်းကို ရောက်နေတဲ့သူတွေဟာ ငါ့လို မိသားစုနဲ့ နေခဲ့သူတွေပါလား။ ငါတို့လို  လူ့ဂုဏ်သိက္ခာနဲ့လျော်ညီစွာ အဆင့်တန်းမီမီ နေခဲ့ပါလျက် အကြောင်းမလှလို့ ခုလိုနေရာတွေကို ရောက်ရတာပါလားလို့ တွေးလိုက်ရင်ကို ကြင်နာတဲ့ ဆက်ဆံမှုမျိုးကို ပြုလုပ်နိုင်မှာ ဖြစ်ပါလျက် အာဏာတခွက်လောက်နဲ့ တပုလင်းစာလောက် မူးနေတာကို စိတ်မကောင်းဖွယ် တွေ့ခဲ့ရပါတယ်။ ခုလက်ရှိအချိန်မှာပဲ မေယုခရိုင်ဒေသဖြစ်တဲ့ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီး မီးလောင်ဆုံးရှုံးသွားတဲ့ နေအိမ်ပေါင်း ၂၆၂၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ စက်တင်ဘာ ၂ ရက်က အစိုးရထုတ်ပြန်ခဲ့တဲ့သတင်းမှာ တွေ့ရပါတယ်။ ဒုက္ခသည်ဦးရေလည်း ၂၀၀၀၀ ကျော် ရှိနေပါတယ်။ တကယ်တမ်းကျရင် အဆိုပါ ကိန်းဂဏန်းတွေထက် များနေဦးမှာပါ။ စိတ်မကောင်းစရာတခုက ဒီလို အိုးပစ်အိမ်ပစ် ထွက်ပြေးလာတဲ့သူတွေကို အစိုးရက ကားတွေ၊ အမြန်ယာဉ်တွေ အဆင်သင့် စီစဉ်ပေးတာ၊ အခမဲ့ ပြုလုပ်ပေးတာတို့ မရှိပါဘူး။ ဒီလိုအနေအထားတွေမှာ ငါတို့ကားကို မစီးလို့မဖြစ်ဘူး၊ ငါတို့ သုံးဘီးကို မစီးလို့ မဖြစ်ဘူးဆိုပြီး တချို့သော ယာဉ်မောင်းသမားတွေဟာ ဈေးတွေ မတန်မဆ တောင်းကြပါတော့တယ်။ ပုံမှန် မောင်တောကနေ ဘူးသီးတောင်ကိုသွားတဲ့ ကားခက ၂၀၀၀ ရှိခဲ့ပေမယ့် အရေးကြုံတဲ့အခါ တတ်နိုင်သလောက် ဖေးမကူညီပေးရမယ့်အစား လူတဦးကို ၁၅၀၀၀၀၊ ၁၀၀၀၀၀ ထိ တောင်းကြတာကိုလည်း တွေ့ကြုံခဲ့ကြပါတယ်။ ဒါဟာ ကိုယ်ခံအားမကောင်းတဲ့အခါ မိမိရှေ့မှာ ရောက်လာတဲ့ ဒုက္ခသည်တွေကို ကူညီနေရပါလားလို့ မတွေးမိတော့ဘဲ ရသမျှ အခွင့်အရေးကို အသုံးချလိုက်တာပါ။ တခွက်စာ အခွင့်အာဏာကို တပုလင်းစာ ထင်တဲ့သူတွေလို့ ဆိုနိုင်ပါတယ်။ အာဏာရှင်တွေရဲ့ သက်ဆိုးကို ရှည်စေတဲ့ ကျင့်စဉ်တွေထဲမှာ ပြည်သူအချင်းချင်းကြားမှာ အခွင့်အဏာကို မညီမမျှပေးပြီး အချင်းချင်း တိုက်ခိုက်ခိုင်းတာလည်း ပါပါတယ်။ အာဏာရှင်က သူ့ရဲ့လုပ်ပိုင်ခွင့်ကနေ အခွင့်အာဏာတခု ပေးထားလိုက်တယ်။ အပေးခံရသူတဲ့သူက အဲဒါကို ရရှိပြီးတဲ့နောက် ဘဝင်လေဟပ်ကာ သူနှင့်တပြေးညီဖြစ်တဲ့ ပြည်သူပြည်သားတွေကို သူ့စိတ်ကြိုက် အာဏာပြပါတော့တယ်။ ငါ့မှာ တာဝန်ရှိတယ်ဆိုတဲ့ စကားကို တွင်တွင်သုံးပြီးတော့ပေါ့။ ဒါကြောင့် ကျနော်တို့ဒေသမှာ ကြားဖူးခဲ့တာ ရှိပါတယ်။ ကျနော်တို့ဆီက လုပ်ငန်းရှင်တဦးဟာ သူ့လုပ်ငန်းအတွက် စစ်တပ်ကို အခကြေးငွေပေးကာ သူ့အိမ်မှာ စခန်းချစေပါတယ်။ လုပ်ငန်းရှင်နှင့် တပ်နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ကာလပေါ့။ အဲဒီမှာ တာဝန်ကျလာတဲ့ ဗိုလ်ကြီးဖြစ်သူက သူ့ဆီမှာ အစေခံအဖြစ် လုပ်ပေးနေတဲ့ ကျေးရွာသူတဦးကို သူလိုအပ်တဲ့ ဝါးလုံး ၁၀ လုံးလောက်ကို ရနိုင်မလားဆိုပြီး ဝယ်ခိုင်းခဲ့ပါတယ်။ အခိုင်းခံသူရွာသား အဲဒီအရာရှိကို ပြန်ပြောခဲ့တာကတော့ ဗိုလ်ကြီး လိုချင်တယ်ပြောရင် ပိုက်ဆံပေးစရာ မလိုပါဘူး ဆိုခဲ့ပါတယ်တဲ့။ ဒီလိုအစပြုရာကနေ ဗိုလ်ကြီးဆိုသူဟာ အခန့်သားနေရင်း လာသမျှ ဝါးဖောင်တွေ၊ သစ်ဖောင်တွေဆီက လိုချင်တာ တောင်းယူခဲ့တာ။ နောက်ဆုံး အဲဒီရွာမှာ ဘုန်းတော်ကြီးဆောင် ဆောက်လုပ်လှူဒါန်းဖို့ အဲဒီခေတ်က အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ ကျွန်းသစ်တွေကို ရွာအနောက်ဘက် ချောင်းထဲမှာ ဝှက်ထားခဲ့တာတောင် မလွတ်ခဲ့ပါဘူး။ ဗိုလ်ကြီးရဲ့ အခိုင်းအစေ ရွာသားတချို့ရဲ့ မျက်နှာလိုမျက်နှာရ လုပ်လိုက်တဲ့ထဲမှာ ပါသွားပါတော့တယ်။ ဒါကြောင့် အာဏာတခွက်စာကို တပုလင်းစာ မူးနေသူတွေဟာ ကျနော်တို့ဆီမှာ ရှိနေသမျှ အာဏာရှင်စနစ် မပျောက်နိုင်သေးပါဘူး။ စစ်အာဏာရှင် ဦးနေဝင်းခေတ်ကလည်း ဦးနေဝင်းပေးထားတဲ့ အခွင့်အာဏာက နည်းနည်း။ အဲဒါကို အသုံးပြုတာက လွန်ကဲစွာ ကျင့်သုံးတို့ကြောင့်လည်း ၈၈ အရေးအခင်းမှာ လူမဆန်တဲ့ သတ်ဖြတ်မှုတွေထိ အငြိုးအတေးတွေ ဖြစ်ကုန်ကြတာပါ။ ထောက်လှမ်းရေးခေတ်က ဆိုရင်လည်း ဘာမှ ပညာဟုတ်တိပတ်တိ မတတ်တဲ့သူက ထောက်လှမ်းရေးဆိုတာနဲ့ကို အဲဒီဒေသတခုလုံး ကြောက်ကြရပါတယ်။ တကယ်တမ်း သူရလာတာက သတင်းစုံစမ်းထောက်လှမ်းဖို့သက်သက်၊ သူတို့အသုံးချလိုက်တာက နေရာတိုင်းမှာ အာဏာပါဝါ ပြကြတဲ့အခါ ပြည်သူတွေ စိတ်ဆင်းရဲခြင်းကြီးစွာ ခံစားကြရပါတယ်။ ဒါတွေဟာ ကိုယ်ခံအားမကောင်းတဲ့သူဆီမှာ အခွင့်အာဏာ ရောက်သွားရင် နီးစပ်တဲ့သူတွေ စိတ်ဆင်းရဲကြရတယ်ဆိုတဲ့ သက်သေတွေပါ။ ခုလည်း ဒုက္ခသည်တွေ များလာတဲ့အလျောက် ကူညီပေးမယ့်သူတွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါလာပါတယ်။ သူတပါးကို ကူညီပေးရတဲ့အလုပ်ဟာ မွန်မြတ်ပေမယ့် ဒီလိုကူညီမှုအပေါ်မှာ မာန်မာနတွေဖြစ်လာရင် သက်ဆိုင်ရာ ပြည်သူတွေဟာ စိတ်ဆင်းရဲမှုတွေကို ခံစားကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စေတနာကို ဒေါသမဖြစ်စေဘဲ လူသားချင်း စာနာထောက်ထားမှုအပြည့်နဲ့ ကူညီနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။ ကျော်လင်း(ရောင်စုံ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024