Home
မြန်မာသတင်း
ဘားအံမြို့ ချစ်​သူမြိုင်​ဥယျာဉ်​တွင်း အဲပုဂံ​လေယာဉ်​ကို အများပြည်သူ​လေ့လာနိုင်ရန် ပြသမည်
DVB
·
September 4, 2017
ကရင်ပြည်နယ် ဘားအံမြို့ ချစ်သူမြိုင်အပန်းဖြေဥယျာဉ်မှာ အဲပုဂံလေကြောင်းလိုင်းက အသုံးမပြုတော့တဲ့ Fokker 100 လေယာဉ်ကို အပန်းဖြေလာရောက်သူတွေ ဗဟုသုတရရှိ အောင် ပြသသွားမယ်လို့ သိရပါတယ်။ စက်တင်ဘာ ၄ ရက် နေ့လယ် ၂ နာရီက ချစ်သူမြိုင် အပန်းဖြေဥယျာဉ်မှာ ထူးကုမ္ပဏီက မေတ္တာလက်ဆောင်ပေးပို့ခဲ့တဲ့ အဲပုဂံလေကြောင်းလိုင်းပိုင် အသုံးမပြုတော့တဲ့ Fokker 100 လေယာဉ်ကို အပန်းဖြေဥယျာဉ်အတွင်းပြသနိုင်ဖို့ မူလပုံစံအတိုင်း ကျွမ်းကျင်အင်ဂျင်နီယာတွေက ပြန်လည်တပ်ဆင်နေပါတယ်။ ဦးမြင့်သိန်း(မြန်မာ့အမျိုးသားလေကြောင်းလိုင်း MNA ပြန်လည် တပ်ဆင်ရေးတာဝန်ခံ)က “ကြာသပတေးနေ့ နေ့လယ်က စသယ်လာတာ၊ တနင်္ဂနွေနေ့ညနေရောက်တယ်။ နည်းနည်း ကြန့်ကြာနေတာက လမ်းတလျှောက် မီးကြိုးတွေမလွတ်လို့ သက်ဆိုင်ရာမြို့နယ်ရဲ့ လျှပ်စစ် စွမ်းအင်ဌာနတွေရဲ့ အကူအညီတောင်းပြီး သယ်နေရလို့ပါ၊ အစအဆုံးပြန်ဆင်ဖို့ဆို ခု ပါလာတဲ့ ၀န်ထမ်း ၁၅ ယောက်နဲ့တောင် ၂ ပတ်လောက်တော့ အချိန်ယူရလိမ့်မယ်” လို့ ပြောပါတယ်။ နန်းအေးအေးမြ (လာရောက်အပန်းဖြေသူ၊ မြဝတီမြို့) က “ကျမတို့ ပြည်နယ်မှာ အခုလို လေယာဉ်ကြီးကို မျက်မြင်ကိုယ်တွေ့ လေ့လာခွင့်ရတော့မှာဆိုတော့ ကောင်းတာပေါ့။ အရင်က ကြားဖူးရုံကြားဖူးတာ။ မျက်မြင်တွေ့ရှိတာက အခုမှပါ။ ပန်းခြံကို လာရောက်တဲ့ လူတွေလည်း လေ့လာစရာတခုတိုးတာပေါ့” လို့ ပြောပါတယ်။ အဆိုပါ လေယာဉ်ကို အစိတ်အပိုင်းလိုက်ဖြုတ်ပြီး ရန်ကုန်မြို့ကနေ သြဂုတ် ၃၁ ရက်နေ့က ၂၂ ဘီးနောက်တွဲ ကုန်တင်ယာဉ်ကြီး ၇ စီးနဲ့ တင်ဆောင်လာတာဖြစ်ပြီး ၃ ရက်နေ့ ညနေမှာ ချစ်သူမြိုင်အပန်းဖြေဥယျဉ်ကို ရောက်ရှိလာတာဖြစ်ပြီး ပြန်လည်တပ်ဆင်ပြီးပါက ဖွင့်ပွဲ အခမ်းအနားနဲ့ အများပြည်သူလေ့လာနိုင်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။ သတင်း - ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024