Home
မြန်မာသတင်း
ကျောက်ဖြူရှိ လူငယ့်အားမာန်အဖွဲ့၏ လူမှုရေးလုပ်ငန်းများ ရပ်ဆိုင်းထားရ
ပိုင်စိုး
·
September 4, 2017
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အခြေစိုက် လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေတဲ့ လူငယ့်အားမာန်အဖွဲ့ (Youth Strength Association - YSA) ရဲ့ ရုံးခန်းကို ကောလာဟလတွေကြောင့် လူအုပ်စုနဲ့ ဝိုင်းခံရပြီးနောက် လုပ်ငန်းတွေ ရပ်ဆိုင်းထားလိုက်ရပါတယ်။ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှာ ဖွင့်ထားတဲ့ရုံးခန်းကို စက်တင်ဘာ ၁ ရက် ညပိုင်းမှာ ဒေသခံ လူငယ်တချို့ စုရုံးလာရောက်ပြီး ဝိုင်းခဲ့ကြတာလို့ လူငယ့်အားမာန်အဖွဲ့ရဲ့ ဒါရိုက်တာဖြစ်သူ ကိုဝင်းသန့်ဦးက ပြောပါတယ်။ “အဲဒီညက ရုံးခန်းမှာ အသက် ၂၀ ကျော် မိန်းကလေး ၂ ယောက်ပဲ ရှိတယ်။ ည ၇ နာရီ ၄၅ မိနစ်လောက်မှာ လူ ၂၀ ကျော် လာဝိုင်းတာ။ ကုလားတွေကို ထောက်ပံ့နေတဲ့ အဖွဲ့တွေ ဒီမှာ မထားဘူးလို့ အော်ကြတယ်။ ကျနော့်ကို ထွက်လာခဲ့လို့ ပြောတယ်။ ကျနော်မှ မရှိတာ”လို့ ပြောပါတယ်။ ဒီကိစ္စကို တာဝန်ရှိသူတွေက အချိန်မီ သွားရောက်တားဆီးနိုင်ခဲ့လို့ ပြဿနာ တစုံတရာ မရှိဘဲ ည ၉ နာရီကျော်မှာ လူစုကွဲသွားတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။ “ကျနော်တို့ကို မြို့နယ် တာဝန်ရှိလူကြီးတွေက ခေါ်တွေ့တယ်ပေါ့။ လောလောဆယ်တော့ ရုံးခန်း ပိတ်ပေးထားရတယ်။ ကျနော်တို့ အဖွဲ့က လူငယ်တွေရဲ့ ဖွံ့ဖြိုးရေး လုပ်နေတာပါ။ သူတို့က ကောလာဟလတွေနဲ့ လာပြီး ဝိုင်းတာ။ အခုလို နားထားရတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ မလုပ်ရတော့ဘူးပေါ့” လို့ ကိုဝင်းသန့်ဦးက ပြောပါတယ်။ ဒီကိစ္စဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ စဖြစ်တဲ့ ပုဂ္ဂိုလ်ရေးပြဿနာကြောင့် ဖြစ်ပြီး လူကိုယ်တိုင် တွေ့ဆုံ ဖြေရှင်းတဲ့ နည်းလမ်းကိုပဲ သုံးသင့်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးအောင်က “ပုဂ္ဂိုလ်ရေးအရ ဖြစ်ကြတာ။ လူငယ့်အားမာန်အဖွဲ့ကလည်း တရားဝင်ဖွဲ့စည်းထားတာ မဟုတ်ဘူး။ မြို့နယ်အုပ်ချုပ်ရေးကိုလည်း တရားဝင် တင်ပြထားတာ မရှိတဲ့အခါကျတော့ ခေတ္တယာယီပိတ်ထားဖို့၊ တရားဝင်ခွင့်ပြုမိန့် တောင်းခံပြီးလုပ်ဖို့ ဖြေရှင်းပေးလိုက်တာပေါ့” လို့ ပြောပါတယ်။ ရခိုင်မြောက်ပိုင်းမှာ ပြဿနာဖြစ်ပြီး နောက်ပိုင်း မဟုတ်မမှန် လုပ်ကြံသတင်းတွေ၊  ကောလာဟလ ဖြန့်တာတွေ အများအပြားရှိနေပြီး ပဋိပက္ခတွေ မဖြစ်အောင် ဒါတွေကို မလုပ်ဖို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ Photo : Youth Strength Association (YSA)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024