နျူကလီးယား စမ်းသပ်ခဲ့သည့် မြောက်ကိုရီးယားကို တရုတ် အပြင်းအထန်ကန့်ကွက်

ဂရပ်ဖစ် - အေအက်ဖ်ပီ
မြောက်ကိုရီးယား အစိုးရကို နျူကလီးယား စမ်းသပ်မှုအတွက် အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက စက်တင်ဘာ ၃ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယား အစိုးရဟာ အသစ်တီထွင်ထားတဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ရဲ့ ထိပ်ဖူးမှာ တပ်ဆင်ဖို့ ပုံစံထုတ်ထားတဲ့ ဟိုက်ဒရိုဂျင်ဗုံးကို အောင်အောင်မြင်မြင် စမ်းသပ်ခဲ့ပြီးပြီလို့ စက်တင်ဘာ ၃ ရက်က ကြေညာခဲ့တာပါ။ ဒါဟာ မြောက်ကိုရီးယားရဲ့ ၆ ကြိမ်မြောက်နဲ့ အပြင်းထန်ဆုံး နျူကလီးယား စမ်းသပ်မှုလည်း ဖြစ်ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေး နိုင်ငံတကာ လူ့အဖွဲ့အစည်းရဲ့ ဘုံပန်းတိုင်အတိုင်း တရုတ်က ခိုင်ခိုင်မြဲမြဲ ရပ်တည်တယ်၊ နျူကလီးယား လက်နက်တွေ ဖောချင်းသောချင်း ပြန့်ပွားမှုဖြစ်စဉ်ကို ကာကွယ်ရေးနဲ့ အာရှရဲ့ အရှေ့မြောက်ပိုင်း တည်ငြိမ် ငြိမ်းချမ်းရေးကို ထိန်းသိမ်းမယ်လို့ ကြေညာချက်က ဆိုပါတယ်။ မြောက်ကိုရီးယား အစိုးရဟာ နိုင်ငံတကာ လူ့အဖွဲ့အစည်းရဲ့ ခိုင်မြဲတဲ့ဆန္ဒကို အလေးအနက်ထား စဉ်းစားဖို့နဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ တရုတ်က ပြင်းပြင်းထန်ထန် တောင်းဆိုတယ်လို့လည်း ကြေညာချက်က ပြောပါတယ်။ မြောက်ကိုရီးယားဟာ တင်းမာမှုတွေကို ပိုဆိုးရွားစေတဲ့ မှားယွင်းတဲ့လုပ်ရပ် လမ်းကြောင်းကို စွန့်လွှတ်ဖို့နဲ့ အငြင်းပွားနေတဲ့ ကိစ္စတွေကို ဖြေရှင်းရေး ဆွေးနွေးပွဲလမ်းကြောင်းကို ပြန်လာဖို့ တရုတ်အစိုးရက တောင်းဆိုတယ်လို့လည်း ကြေညာချက်က ဖော်ပြခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up