တနင်္သာရီမြို့နယ်တွင် WY စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

1.2K
တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာအုပ်စု၊ ရှမ်းအင်းတော် ကျေးရွာမှာ စက်တင်ဘာ ၃ ရက်နေ့က WY စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိကြောင်း တနင်္သာရီမြို့မရဲစခန်းက ပြောပါတယ်။
ရှမ်းအင်းတော်ကျေးရွာမှာ နေထိုင်တဲ့ ပေါ်ဦး နဲ့ ဇနီး မဌေးရှင် တို့ရဲ့ နေအိမ်အား ဒုရဲအုပ် ချစ်သက်စိုး၊ နယ်ထိန်းရဲတပ်ကြပ်ကြီး စောဘမြင့်နဲ့အဖွဲ့က သက်သေတွေနဲ့အတူ ဝင်ရောက်ရှာဖွေစဉ် နေအိမ်အနောက်ဘက် ငှက်ပျောပင်ခြေရင်းမှာ ပလတ်စတစ်တိတ်အမည်းနဲ့ ပတ်ထားတဲ့ WY စာတန်းပါဆေးပြား ၃၇၅ ပြား သိမ်းဆည်းရမိခဲ့တယ်လို့ တနင်္သာရီရဲစခန်းမှ တပ်ကြပ်ကြီးကျော်ဆွေက ပြောပါတယ်။
"ရှမ်းအင်းတော်ရွာမှာ ကျနော်တို့က သတင်းရလို့ ပေါ်ဦးရဲ့အိမ်ကို ရှာဖွေဝရမ်းနဲ့ ဝင်ရှာဖို့ ရောက်သွားတော့ ပေါ်ဦးက ကျနော်တို့ကို မြင်တာနဲ့ အိမ်နောက်က လယ်ကွင်းကိုဖြတ်ပြီး ချောင်းတဖက်ကို ထွက်ပြေးသွားတယ်။ ကျနော်တို့ လိုက်ပေမယ့် မမိဘူး။ သူ့အိမ်ဘက်ကို ပြန်လာတော့ သူ့မိန်းမ ဌေးရှင်ကတော့ ရှိနေတယ်။ အိမ်ခြံထဲမှာ ရှာဖွေတော့ ငှက်ပျောပင်ရဲ့ခြေရင်းမှာ အထုပ်လေးတထုပ် တွေ့တယ်၊ သက်သေတွေရှေ့မှာ ဖွင့်ဖောက်ကြည့်တော့ WY ဆေးပြား ၃၇၅ ပြား (ကာလတန်ဖိုး ငွေကျပ် ၁,၈၇၅,၀၀၀) တွေ့ပါတယ်။"
မဌေးရှင်ရဲ့ ထွက်ဆိုချက်အရ သူမနဲ့ ခင်ပွန်းဖြစ်သူ ပေါ်ဦးတို့ဟာ စိတ်ကြွဆေးပြားတွေကို ပြန်လည်ရောင်းချဖို့ ဝယ်ယူထားတာဖြစ်ကြောင်း သိရပါတယ်။
ထွက်ပြေးတိမ်းရှောင်သွားတဲ့ ပေါ်ဦးအား အမြန်ဖမ်းဆီးရမိရေး ဒုရဲအုပ်ကျော်ငြိမ်းနဲ့ နယ်ထိန်းအဖွဲ့က လိုက်လံဆောင်ရွက်နေကြောင်း သိရပါတယ်။
မူးယစ်ဆေးဝါးတွေနဲ့ လက်ဝယ်တွေ့ရှိတဲ့ မဌေးရှင်နဲ့ ပေါ်ဦးတို့ကို တနင်္သာရီမြို့မရဲစခန်းမှ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။
သတင်း - မြတ်ထွဋ်(မြိတ်)