မြန်မာရဟတ်ယာဉ်များ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ မပျံသန်းခဲ့ကြောင်း ဦးဇော်ဌေးပြော

မြန်မာရဟတ်ယာဉ်တွေ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်တယ်ဆိုတာ မဟုတ်မှန်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။ သြဂုတ် ၂၇၊ ၂၈ နဲ့ စက်တင်ဘာလ ၁ ရက် နေ့တွေမှာ ဘင်္ဂလားဒေ့ရှ် လေပိုင်နက်ထဲကို မြန်မာ ရဟတ်ယာဉ်တွေ ကျူးကျော်ဝင်ရောက်လာတဲ့အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာသံရုံးကို ကန့်ကွက်စာ ပေးပို့ခဲ့တယ်လို့ သည်ဒေးလီးစတား သတင်းမှာ ဖော်ပြခဲ့တာပါ။ သြဂုတ် ၂၇၊ ၂၈ နဲ့ စက်တင်ဘာလ ၁ ရက်နေ့တွေမှာ  မြန်မာရဟတ်ယာဉ်တွေဟာ ကောက်ခ်စ်ဘဇားခရိုင်ထဲက အူးခီးယနယ်မြေအနီးက ဘင်္ဂလားဒေ့ရှ် လေပိုင်နက်ကို ၃ ကြိမ်တိုင်တိုင် ချိုးဖောက်ကျူးကျော်လာတယ်လို့ ဖော်ပြထားတဲ့  သံတမန်ရေးရာ အကြောင်းကြားစာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြို့တော်ဒါကာမှာရှိတဲ့ မြန်မာသံရုံးကို ပေးပို့ခဲ့တယ်လို့ သည်ဒေးလီးစတား သတင်းမှာ အစီရင်ခံပါတယ်။ ဒီလို ဘင်္ဂလားဒေ့ရှ် လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ဖြစ်ရပ်တွေဟာ အိမ်နီးချင်းကောင်း ဆက်ဆံရေးကို ထိခိုက်စေနိုင်ပြီး အာမခံချက်မရှိတဲ့အခြေအနေကို ဦးတည်စေနိုင်တယ်လို့လည်း ဆိုပါတယ်။ ၂ နိုင်ငံကြား ရှိထားပြီးသား နားလည်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေကို ထိခိုက်ပျက်ပြားစေနိုင်တဲ့ဖြစ်ရပ်မျိုး နောက်အခါတွေမှာ ထပ်မံပေါ်ပေါက်ခြင်းမရှိစေဖို့ ချက်ချင်းအရေးယူဆောင်ရွက်ပေးဖို့လည်း မြန်မာဘက်ကို တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ပျံသန်းခဲ့တဲ့လမ်းကြောင်းတွေကို တပ်ဘက်က ပြန်စစ်တယ်။ တဖက်နိုင်ငံကို မရောက်ပါဘူး။ နောက် တချက်က အခု ပျံသန်းခဲ့တယ်ဆိုတာကလည်း MI 17 အရေးပေါ် ကယ်ဆယ်ရေး၊ သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ်တွေပဲ ဖြစ်တယ်။ တိုက်ခိုက်ရေးအတွက် လက်နက်တွေ၊ ဗုံးတွေ တပ်ထားတာ မဟုတ်ဘူး” လို့ ပြောပါတယ်။ ပြီးတော့ အခုလို ကန့်ကွက်တယ်ဆိုတဲ့စာလည်း မြန်မာနိုင်ငံခြားရေးဌာနကို မရောက်သေးဘူးလို့ သိရတဲ့အကြောင်း ဦးဇော်ဌေးက ပြောပါတယ်။ “ဒီလို အငြင်းပွားကြပြီဆိုရင် လုပ်ရတာက နှစ်ဖက်အဖွဲ့တွေ တွေ့ဆုံ၊ ကိုယ့်ဘက် သူ့ဘက် အထောက်အထားတွေ ပြပြီး ဖြေရှင်းကြရတယ်။ ခုက ကျနော်တို့နဲ့ ဆက်သွယ်ဖို့ လမ်းကြောင်းတွေ အများကြီး ရှိပေမယ့် အခုထိ ကန့်ကွက်တယ်ဆိုတဲ့စာက မရောက်သေးဘူး” လို့လည်း သူက ဆက်ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up