Home
မြန်မာသတင်း
မိတ္ထီလာတွင် ၇၂ နှစ်အရွယ် အဘိုးအိုတဦး ဓားဖြင့် ထိုးသတ်ခံရ
DVB
·
September 3, 2017
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကံကြီးရွာ စက်တင်ဘာ ၂ ရက်မနက် ၈ နာရီလောက်က အသက် ၇၂ နှစ်ရှိ အဘိုးအိုတဦးရဲ့ရင်ဝအား ဓားနဲ့ထိုးပြီး သတ်သွားသူကို ဖမ်းဆီးမိရေး လိုက်လံရှာဖွေနေတယ်လို့ မိတ္ထီလာမြို့မရဲစခန်းမှူးက ပြောပါတယ်။ အသတ်ခံရတဲ့ ဦးစောအောင်ဟာ တဦးတည်း နေထိုင်တဲ့ အိမ်ရှေ့ခန်း အိပ်ရာဘေးမှာ ဝမ်းဗိုက်ပေါ် လက်နှစ်ဘက်ယှက်ကာ ရင်ဝမှာ ဓားတချောင်း စိုက်ဝင်သေဆုံး နေတာကို တွေ့ရလို့ သားဖြစ်သူ ကိုမျိုးသန်းဇော်က တရားလိုလုပ်ပြီး အမှုဖွင့်တိုင်ကြားခဲ့တာပါ။ စခန်းမှူး ရဲမှူး ခင်မောင်စိုးက “အရိုးအသွား ၁၁ လက်မရှိတဲ့ မီးဖိုချောင်သုံး စတီးဓားပါ။ သက်သေခံပစ္စည်းတွေကို ဓာတုဗေဒဝန်ရုံး ပေးပို့ပါတယ်။ သေဆုံးသူကို ရဲမှုခင်း ဆေးစာနဲ့ မိတ္ထီလာဆေးရုံ ပို့တယ်"လို့ ပြောပါတယ်။ အိမ်နီးချင်းတဦးက “ဦးစောအောင်ဟာ အေးအေးဆေး နေတတ်သူဖြစ်တယ်။ မိတ္ထီလာ တက္ကသိုလ် ဝန်ထမ်းပင်စင်စားတဦး ဖြစ်တယ်။ သား ၃ ယောက်လုံးကလည်း ဝန်ထမ်းတွေပေါ့။ အိမ်ဆောက်ထားတာ ၂ နှစ်လောက် ရှိပြီ၊ လာနေတာ ၁ နှစ်လောက်ပဲ ရှိသေးတယ်"လို့ ပြောပါတယ်။ မိတ္ထီလာမြို့မရဲစခန်းမှာ ဓားနဲ့ထိုးသတ်သွားသူကို လူသတ်မှုရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုအမှတ် (ပ)၃၇၁/၂၀၁၇ နဲ့ အမှုဖွင့်ထားပြီး တရားခံ အမြန်ဆုံးဖမ်းမိရေး လိုက်လံစုံစမ်းနေတယ်လို့ စခန်းမှူးက ပြောပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024