အမျိုးသားလွှတ်တော် ပြီးဆုံးရပ်နား၊ အစိုးရကို တိုက်တွန်းသည့်အဆို ၄ ခု အတည်ပြုနိုင်
အောင်ကိုကိုလတ် (နေပြည်တော်)
·
August 31, 2017
ပြီးခဲ့တဲ့ မေလက စတင်ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော် ဒုတိယအကြိမ် ပဉ္စမ ပုံမှန်အစည်းအဝေးတွေဟာ ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့မှာ ပြီးဆုံးသွားလို့ ခေတ္တရပ်နားထားလိုက်ပြီ ဖြစ်ပါတယ်။
အဲဒီပုံမှန်အစည်းအဝေးကို ၂၀၁၇ ခုနှစ် မေ ၁၈ ရက်က စတင်ပြီး သြဂုတ် ၃၁ ရက်နေ့အထိ အစည်းအဝေး ၅၃ ရက် ကျင်းပခဲ့ပါတယ်။ အစည်းအဝေးတွေမှာ ကြယ်ပွင့်ပြ မေးခွန်းပေါင်း ၂၃၅ ခုနဲ့ ကြယ်ပွင့်မပြ မေးခွန်း ၂၀၈ ခုကို လွှတ်တော်ကိုယ်စားလှယ်တွေက မေးမြန်းခဲ့ကြပါတယ်။
အစည်းအဝေးကာလအတွင်းမှာ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆို ၆ ခု တင်သွင်းခဲ့ပြီး အဆို ၄ ခုကို အတည်ပြုကာ အဆို ၁ ခုကို မှတ်တမ်းတင်ခြင်းနဲ့ ဆက်လက်ဆောင်ရွက်ဖို့ အဆို ၁ ခု ကျန်ရှိတယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော်က စတင်ဆွေးနွေးပြီး အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ ပေးပို့ခဲ့တဲ့ ဥပဒေကြမ်း ၉ ခုကိုလည်း လွှတ်တော်မှာ ဆွေးနွေးအတည်ပြုချက်ရယူပြီးတော့ ဥပဒေကြမ်း ၇ ခုကို ပြင်ဆင်ချက်နဲ့လည်းကောင်း၊ ဥပဒေကြမ်း ၂ ခုကိုတော့ ပြည်သူ့လွှတ်တော်ရဲ့ ပြင်ဆင်ချက်အတိုင်း အတည်ပြုပြီး ပြည်သူ့လွှတ်တော်ကို ပြန်လည်ပေးပို့ခဲ့ပါတယ်။
ဒါ့အပြင် အမျိုးသားလွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီတွေရဲ့ အစည်းအဝေးပေါင်း ၁၇၉ ကြိမ် ကျင်းပပြုလုပ်ခဲ့ကြောင်းနဲ့ ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်ရည်မြှင့်တင် ဆွေးနွေးပွဲ (Debate) ၈ ကြိမ် ကျင်းပပြုလုပ်ခဲ့ပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေအတွက် သုတေသန၊ ပြည်သူ့ဆက်ဆံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးဌာနက ပဉ္စမအကြိမ် ပုံမှန်အစည်းအဝေးကာလမှာ စာတမ်းတို ၃ စောင်၊ လွှတ်တော်ကိုယ်စားလှယ် ၆၅ ဦးက သိလိုတဲ့ သတင်းအချက်အလက် ၁၁၃ စောင်ကို ရှာဖွေပေးခဲ့ပြီး ဆောင်ရွက်ဆဲ ၂၄ စောင်ရှိတယ်လို့ သိရပါတယ်။