Thursday, June 8, 2023
HomeLead Storyရက္ခိုင့်တပ်မတော်ဖလား ဘောလုံးပွဲ ကျင်းပသူများကို ထောင်ဒဏ် ၂ နှစ် ချမှတ်

ရက္ခိုင့်တပ်မတော်ဖလား ဘောလုံးပွဲ ကျင်းပသူများကို ထောင်ဒဏ် ၂ နှစ် ချမှတ်

ရက္ခိုင့်တပ်မတော်(အေအေ) ဖလားခေါင်းစဉ်နဲ့ ဘောလုံးပွဲ ဦးဆောင် ကျင်းပခဲ့တဲ့ အရှင်နန္ဒသာရနဲ့ ကိုခိုင်နီမင်းတို့ကို  သြဂုတ် ၃၀ ရက်မှာ မြောက်ဦးမြို့နယ်၊ တရားရုံးက မတရားအသင်း ဥပဒေ ပုဒ်မ ၁၇(၁)နဲ့ အလုပ်အကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချတ်လိုက်ပါတယ်။

မြတန်ဆောင်ဆရာတော် အရှင်နန္ဒသာရနဲ့ ကိုခိုင်နီမင်းတို့ဟာ မတရားအသင်းကို ထောက်ပံ့နေတာလည်း မပေါ်လွင်ဘူးလို့ ဒီအမှု လိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေက ဆိုပါတယ်။ ဒါပေမယ့် မတရားအသင်း လုပ်ဆောင်ပုံကို တနည်းနည်းနဲ့ပံ့ပိုးတယ် ဆိုပြီးတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချလိုက်တာပါ။

မြတန်ဆောင်ဆရာတော်ရှေ့နေ ဦးထွန်းလှက “အစက မတရားအသင်းပုဒ်မ၁၇ (၁)/(၂) ဆိုပြီးပါတယ်။ အမှုစစ်ရင် စွဲချက်တင်သင့် မတင်သင့်အဆင့်မှာ ပုဒ်မ ၁၇ မှာ ၂ က ပြုတ်သွားတယ်ခင်ဗျ။ ပုဒ်မ ၁၇(၁) ကျန်တယ်။ အမှုအကုန်လုံး စစ်ဆေးပြီးချိန်မှာ တရားရုံးက ဦးနန္ဒသာရနဲ့ ကိုခိုင်နီမင်းဟာ မတရားအသင်း ဆက်သွယ်တယ်ဆိုပြီး ပေါ်ပေါက်တာလည်း မရှိဘူး။ ပြီးတော့ မတရားအသင်း ထောက်ပံ့နေတာလည်း မပေါ်ပေါက်ဘူး။ သို့သော်လည်း မတရား အသင်း လုပ်ဆောင်ပုံကို တနည်းနည်းနဲ့ပံ့ပိုးတယ် ဆိုပြီးတော့ မတရားအသင်းပုဒ်မ ၁၇(၁)နဲ့ အနည်းဆုံး ၂ နှစ်ချလိုက်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုလို ထောင်ဒဏ်တွေ ချမှတ်လိုက်တာ တရားမျှတမှု မရှိဘူးလို့ ရခိုင်ပြည်နယ် ရခိုင်မျိုးဆက်များဖွံ့ဖြိုးရေးအဖွဲ့က ထွေထွေအတွင်းရေးမှူး ခိုင်ဆန်းအောင် ဒီဗွီဘီကိုပြောပါတယ်။

“အေအေဖလားဘောလုံးပွဲဆိုပြီး လုပ်တယ်။ ဒါက တက်ကြွတဲ့တဦးအနေနဲ့ လုပ်ပိုင်ခွင့်ပေါ။ ရှင်းရှင်းပြောရရင် ဒါက အေအေကို ထောက်ခံတယ်ဆိုတဲ့ သဘောပဲလေ။ အခုလို ထောက်ခံတဲ့တယောက်ကို ၁၇(၁) နဲ့ ထောင်ဒဏ်ချမှတ်တယ်ဆိုတာက နည်းနည်းမသင့်တော်ဘူးလို့ မြင်ပါတယ်။ ပြည်သူတွေအားလုံး အဖွဲ့အစည်းတိုင်းကို ထောက်ခံပိုင်ခွင့် ရှိတယ်။ အဲဒီအပေါ်မှာ ဗိုလ်မှူးကလည်း ထောက်ခံပိုင်ခွင့်ရှိတယ်။ ကိုခိုင်နီမင်းကလည်း ထောက်ခံပိုင်ခွင့်ရှိတယ်။ ဒါကတော့ သူတို့ရဲ့ ရင်ထဲကဆန္ဒပါပဲ။ ဒါပေမယ့် အခုလို ၁၇(၁) နဲ့ရောပြီး ထောင်ဒဏ်ချလိုက်တာကတော့ တရားမျှတမှု မရှိဘူးလို့ မြင်ပါတယ်။

အရှင်နန္ဒသာရနဲ့ ကိုခိုင်နီမင်းတို့ကို ထောင်ဒဏ်တွေ ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ အမှုကို အယူခံဝင်မယ်လို့ ရှေ့နေဦးထွန်းလှက ပြောပါတယ်။

၂၀၁၇ ခုနှစ် ဧပြီ ၁၀ ရက်နေ့ ရက္ခိုင့်တပ်မတော် အေအေဖလား ခေါင်းစဉ်နဲ့ မြတန်ဆောင်ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ကျင်းပခဲ့သူ နှစ်ဦးကို မြောက်ဦး အခြေစိုက် ခမရ-၅၄၀ တပ်ရင်းက မတရားအသင်းအက်ဥပဒေပုဒ်မနဲ့ တရာစွဲဆိုပြီး ဧပြီ ၁၀ ရက်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သတင်း – ဝဏ္ဏခွာညို

RELATED ARTICLES
- Advertisment -
Google search engine

Most Popular