Home
မြန်မာသတင်း
မြန်မာကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး
DVB
·
August 31, 2017
မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ သြဂုတ် ၃၀ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံပြီး ရခိုင်ပြည်နယ် အရေးကိစ္စ အပါအဝင် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေးကိစ္စတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဟာ ပဉ္စမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများကော်မတီ အစည်းအဝေး တက်ရောက်ခဲ့ပြီးနောက် တွေ့ဆုံ ဆွေးနွေးတာလို့ တပ်မတော်က သတင်းထုတ်ပါတယ်။ တွေ့ဆုံရာမှာ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒီအစည်းအဝေးကတဆင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်မယ်၊ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်အေးချမ်းမှုရရှိစေရေးအတွက် တရားဥပဒေစိုးမိုးရေးနဲ့ နယ်စပ်ဒေသ လုံခြုံရေးတွေကို ပူးပေါင်းဆောင်ရွက်နေတယ်၊ ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ကြိုဆိုတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့လည်း ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင် အကြမ်းဖက်သမားတွေက အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ တိုက်ခိုက်သတ်ဖြတ်ခဲ့မှုကြောင့် ဒီနေ့အထိ အဆိုပါဒေသမှာ တိုက်ခိုက်မှုဖြစ်စဉ် ၈၁ ခုဖြစ်ပွားခဲ့ပြီး တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံ့ဝန်ထမ်း ၁၅ ဦးနဲ့ အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့ကြောင်း၊ ဒီဖြစ်စဉ်က မိမိတို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို ထိခိုက်လာလို့ ထိရောက်စွာ ဖြေရှင်းဆောင်ရွက်မှာ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှာ  လာရောက်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို တရားဥပဒေနဲ့အညီ ကူညီစောင့်ရှောက်ပေးစေလိုကြောင်း လည်းပြောပါတယ်။ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ကတော့ နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်သွားမယ်၊  ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနဲ့ အခြားစီးပွားရေးကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်သွားမယ်၊ လူကုန်ကူးမှု၊ တရားမဝင် လက်နက်ရောင်းဝယ်မှုနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေကို  ပူးပေါင်းဖြေရှင်း ဆောင်ရွက်သွားမယ့်အပြင် ရခိုင်ဒေသမှာ ဖြစ်ပေါ်နေတဲ့  ဆုံးရှုံးမှုတွေအတွက် များစွာ ဝမ်းနည်းတဲ့ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ထိုင်းနိုင်ငံဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးပရာဝစ်ဝေါင်ဆူဝန်နဲ့လည်း တွေ့ဆုံကာ ကူးသန်းရောင်းဝယ်ရေး၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုတားဆီးရေး၊ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ဖြေရှင်းဆောင်ရွက်သွားမယ့် အခြေအနေတွေအပြင် ထိုင်းနိုင်ငံတောင်ပိုင်း အကြမ်းဖက်မှုတွေကို တားဆီးနှိမ်နင်းခဲ့မှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါအပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဝါရင့်နိုင်ငံရေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးပရမ်နဲ့လည်း နေအိမ်မှာ သွားရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး၊ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးနဲ့ အကြမ်းဖက်မှု တားဆီးနှိမ်နင်းရေး ကြိုးပမ်းဆောင်ရွက်နေမှုကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အဖွဲ့ဟာ ထိုင်းနိုင်ငံကနေ  နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မနေ့ညက  ပြန်လည်ရောက်ရှိပါတယ်။ ဓာတ်ပုံ-CINCDS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024