Home
မြန်မာသတင်း
ငွေ​ဆောင်​ကမ်းခြေကို အကြမ်းဖက်သမားများ ဝင်ရောက်ခြင်းမရှိဟု စခန်းမှူးပြော
DVB
·
August 31, 2017
ငွေဆောင်ကမ်းခြေကို သင်္ဘောနဲ့ အကြမ်းဖက်သမားအများအပြား ရောက်ရှိနေကြောင်း လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ပျံ့နှံ့နေမှုဟာ ကောလာဟလသာဖြစ်ပြီး မဟုတ်မှန်ကြောင်း ငွေဆောင်မြို့မ စခန်းမှူးက ပြောပါတယ်။  သြဂုတ် ၂၇ မှစတင်ပျံနှံ့ခဲ့ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေကို မယုံကြဖို့နဲ့ ပြည်သူတွေ မစိုးရိမ်ကြဖို့ စခန်းမှူး ကိုဇော်မျိုးလှိုင်က ပြောပါတယ်။ “အကြမ်းဖက် သင်္ဘောတွေ ငွေဆောင်ကမ်းခြေကို ဝင်ရောက်တယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး၊ သတင်းကအမှားပါ။ ခုချိန်ထိ သင်္ဘောဆိုက်ကပ်တာမျိုး၊ ခိုးဝင်တာမျိုး လုံးဝမရှိပါ။ ကျနော်တို့ဘက်ကလည်း လုပ်ငန်းစဉ်များ၊ ကာကွယ်ရေးဆိုင်ရာများကိုလည်း စနစ်တကျ ဆောင်ရွက်ပြီးသားပါ။ ကျတော်တို့အနေနဲ့ ကြည်းတပ်၊ ရေတပ်တွေနဲ့လည်း ချိတ်ဆက်ပြီးသားပါ။ ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြပါနဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာလည်း မမှန်ကန်တဲ့ သတင်းတွေကို မတင်ဖို့၊ မသေချာတဲ့ သတင်းတွေမယုံဖို့ ပြောချင်ပါတယ်။” ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေကြောင့် အကြမ်းဖက်သမားတွေဟာ ကမ်းခြေခြင်း ဆက်စပ်နေတဲ့ဒေသတွေကို သင်္ဘောတွေနဲ့ လာရောက်တိုက်ခိုက်နိုင်ကြောင်း ဖေ့စ်ဘွတ်ခ်ပေါ် သတင်းတွေ ပျံ့နှံ့နေလို့ ဒေသခံတွေ စိုးရိမ်နေကြတာပါ။ “ဖုန်းတွေနဲ့ ဆက်တိုက်မေးလာကြတယ် သတင်းကမမှန်ဘူး၊ ဖွတာလို့ ခဏ ခဏပဲ ဖြေနေရတယ်။ အမှန်တော့ ဘာသင်္ဘော၊ ဘာအကြမ်းဖက်သမားမှ ခုထိ မရောက်ပါဘူး။ တချို့လူတွေလည်း ဟိုလူပြော ဒီလူပြောနဲ့ လန့်ကြတာပေါ့။ ပညာမတတ် ဗဟုသုတနည်းသူတွေလည်း ရှိတယ်လေ။ ညတွေဆို သတိနဲ့အိပ်ဖို့ မှာတဲ့လူတွေလည်း ရှိတယ်” လို့ အမှတ် ၄ ရပ်ကွက် မကျီးမှော်ကျေးရွာနေ ကိုချစ်ဆန်းမောင်က ပြောပါတယ်။ ဧရာဝတီတိုင်းဒေကြီးရှိ ပင်လယ်ကမ်းခြေတွေမှာ အရင်က ဘင်္ဂါလီဒုက္ခသည် သင်္ဘောတွေ ခိုးဝင်လို့ ဖမ်းဆီးရမိတာတွေ ရှိပေမယ့် ငွေဆောင်မြို့နယ်  ကမ်းခြေတွေမှာတော့ ဖမ်းဆီးတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။ သတင်း - မင်းဟန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024