ပြွန်တန်ဆာမြို့တွင် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှ နေအိမ် ၂ လုံး မီးလောင်
DVB
·
August 31, 2017
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့မှာ သြဂုတ် ၃၀ ရက် ည ၁၂ နာရီခွဲလောက်က လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး နေအိမ် ၂ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးမှူးက ပြောပါတယ်။
ပြွန်တန်ဆာမြို့ မြို့မ ၃ ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းဘေးနေ ဒေါ်လေးလေးရဲ့ နှစ်ထပ်အိမ်က လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် အနီးက နှစ်ထပ်အိမ်တလုံးကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
မြို့နယ်မီးသတ်ဦးစီးမှူး ဦးသိန်းထိုက်က “မီးလောင်တာကတော့ ည ၁၂ နာရီခွဲလောက်ကပါ။ နေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့တယ်။ နာရီဝက်ကျော်ကျော် အကြာလောက်မှာပဲ မီးငြှိမ်းသတ်နိုင်ခဲ့တယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ သိန်း ၂၀ ကျော်လောက် ရှိတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
မီးလောင်ရာကို မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၁ စီး အပါအဝင် မီးသတ်ဦးစီးမှူးနဲ့ တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အနီးအနားက လူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပါတယ်။
နေအိမ် ၂ လုံး မီးလောင်ကျွမ်းမှုကြောင့် ကာလတန်ကြေး ၂၄ သိန်းကျော် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး မီးပေါ့ဆသုံးစွဲသူ ဒေါ်လေးလေးကို ပြွန်တန်ဆာနယ်မြေစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - နေလင်းထိုက်