မြောက်ကိုရီးယားရဲ့ တာလတ်ပစ်ဒုံးကျည် ဟွာဆောင်-၁၂ စမ်းသပ်ပစ်လွှတ်မှုဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုကို လက်တုံ့ပြန်တာဖြစ်ပြီး ပစိဖိတ်ဒေသအတွင်း အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းကို စစ်ရေးအရတိုက်ခိုက်ဖို့ ပထမခြေလှမ်းဖြစ်တယ်လို့ သြဂုတ် ၃၀ ရက်နေ့က နိုင်ငံပိုင် ကေစီအန်အေ သတင်းဌာန ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ မြို့တော် ပြုံယမ်းကနေ ဒုံးကျည်ပစ်လွှတ်ဖို့ ညွှန်ကြားခဲ့တာဖြစ်ပြီး ပစိဖိတ်ဒေသမှာ စစ်ရေးလေ့ကျင့်မှုတွေ ပိုမိုပြုလုပ်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အခု ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုဟာ မြောက်ကိုရီးယား တပ်မတော်ရဲ့ ပစိဖိတ်ဒေသမှာ စစ်ရေးဆောင်ရွက်တဲ့ ပထမခြေလှမ်းဖြစ်ပြီး ဂူအမ်ကျွန်းကို ထိန်းချုပ်ဖို့အတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ ရှေ့ပြေးနိမိတ်ဖြစ်တယ်လို့ ခေါင်းဆောင် ကင်ဂျုံအန်းကို ကိုးကားပြီး ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဒီလ အစောပိုင်းကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားအနေနဲ့ အမေရိကန်ပြည်ထောင်စုကို ခြိမ်းခြောက်ပါက ဆိုးဆိုးရွားရွား ခံစားရလိမ့်မယ်လို့ သတိပေးခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။