Home
မြန်မာသတင်း
ကင်းမွန်မီးထွန်းလှေများအား စိစစ်ပြီး ကမ်းနီးလိုင်စင် ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးမည်
DVB
·
August 30, 2017
မြိတ်ကျွန်းစုအတွင်း ကင်းမွန်းမီးထွန်းလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကင်းမွန်လှေများမှာ လိုင်စင်ထုတ်ယူခွင့်မရှိ ဖြစ်နေတဲ့အတွက် ကမ်းနီးလိုင်စင် ထုတ်ယူခွင့်ရရှိဖို့ တိုင်းငါးဦးစီးမှ စိစစ်မှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။ ကင်းမွန်မီးထွန်းလှေငယ်အများစုမှာ လိုင်စင်မရှိဘဲ ကင်းမွန် ဖမ်းဆီး လုပ်ကိုင်နေတဲ့အတွက် အရေးယူမှုတွေရှိနေကာ လိုင်စင်လိုအပ်တဲ့ လှေတွေမှာလည်း လိုင်စင်ထုတ်ယူခွင့် မရတဲ့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။ ကင်းမွန်လုပ်ငန်းရှင်တွေရဲ့ တင်ပြချက် ဖြစ်တဲ့ လိုင်စင်ထုတ်ယူခွင့်နဲ့ တိုင်းအစိုးရက စီစဉ်မှုနဲ့ ကင်းမွန်ဖမ်းခွင့်ရရှိရေးကို မှန်၊ မမှန် စိစစ်ရန်အတွက် တိုင်းငါးဦးစီးမှ သြဂုတ်လ ၂၉ ရက်နေ့က စိစစ်တင်ပြမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ တိုင်းငါးလုပ်ငန်းဒုဦးစီးမှူး ဦးမြင့်ရွှေက “မြို့နယ်ဦးစီးမှူးက ပေ ၃၀ အောက်လှေနဲ့ မြင်းကောင်ရေ ၂၅ ကောင်အောက်ကိုပဲ ခွင့်ပြုချက် ပေးလို့ရတယ်။ အခု လှေတွေအများစုက လှေအသစ်တွေ ဖြစ်နေတယ်။ အင်ဂျင်မြင်းကောင်ရေတွေကလည်း တိုးထားတယ်။ ကျနော် အကြမ်းဖျင်း စိစစ်ထားရသလောက်ကတော့ အစီးရေ အတော်များများက အသစ်တွေ ဖြစ်နေတယ်။ ဘောင်ဝင်၊ မဝင် စိစစ်မယ် ဘောင်ဝင်တဲ့လှေတွေ အကုန်လုံးကတော့ လိုင်စင်ရမှာပါ” လို့  ပြောပါတယ်။ မြိတ်ခရိုင် ကင်းမွန်လုပ်ငန်းရှင်များအသင်းမှာ လိုင်စင်ရှိတဲ့ အစီးရေ ၁၈၀ သာရှိပြီး အမှန်တကယ် ပင်လယ်ထဲမှာ ဖမ်းဆီးနေတဲ့ ကင်းမွန်လှေ အစီးရေ ထောင်ချီရှိနိုင်ကြောင်း သိရပါတယ်။ “ကျနော့်တို့ကို လိုင်စင်မထုတ်ပေးဘူး။ လိုင်စင်လည်း လျှောက်ထားတယ်။ ဒါပေမယ့် လိုင်စင်မရဘူး။ ရေကြောင်းဦးစီးကလည်း လိုင်စင်ထုတ်ပေးထားတယ်။ ဒါပေမယ့် လိုအပ်နေတာက ငါးဦးစီး ဒါမှမဟုတ် တိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုချက်ပါ။ ကျနော်တို့ကို လုပ်ပိုင်ခွင့်သာ ပေးပါ။ မှီခိုနေရတဲ့ ရေလုပ်သားမိသားစုတွေ အများကြီးရှိနေပါတယ်”လို့ လုပ်ငန်းရှင် ဦးသန်းဦးက ပြောပါတယ်။ ကင်းမွန် မီးထွန်းလှေငယ် တပိုင်တနိုင် လုပ်ငန်းရှင်တွေရဲ့ အမှန်တကယ် လိုအပ်ချက်ဖြစ်တဲ့ လိုင်စင် လျှောက်ထားမှုကို တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ စိစစ်ပေးနေပြီး ပွင့်လင်းရာသီ အမီလုပ်ကိုင်နိုင်ကြဖို့ သြဂုတ်လ ၂၉ ရက်နေ့က ပြည်ထောင်စုအစိုးရကို တင်ပြထားတယ်လို့ သိရပါတယ်။ ကမ်းနီးလိုင်စင်တွေကို ကန့်သတ်ထားတာ မရှိဘဲ အမှန်တကယ် ဘောင်ဝင်တဲ့ လှေတွေကို လိုင်စင်ထုတ်ပေးနိုင်ဖို့ တင်ပြပေးသွားမှာ ဖြစ်တယ်လို့ ဦးမြင့်ရွှေက ဆိုပါတယ်။ ကင်းမွန် မီးထွန်းလှေ ရာသီမှာ နှစ်စဉ် စက်တင်ဘာလကနေ မေလအထိ လုပ်ကိုင်ကြပြီး ပွင့်လင်းရာသီတွေမှာသာ လုပ်ကိုင်ရတဲ့ လုပ်ငန်းအမျိုးအစား ဖြစ်တယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024