Home
ဆောင်းပါး
ပြည်သူကြောက်တဲ့ အစိုးရ
DVB
·
August 30, 2017
  ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံရုံး နှစ်ပတ်လည်နေ့ကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တယ်။ “ကျမတို့ ပြည်သူ့အစိုးရ ဆိုတာဟာ သုံးသပ်ဝေဖန်မှုကို မှန်မှန်ကန်ကန် သတ္တိရှိရှိနဲ့ ရင်ဆိုင်ရဲရတယ်။ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ အစိုးရကို ပြည်သူက ဝေဖန်ပိုင်ခွင့် ရှိပါတယ်။ ပြည်သူတွေရဲ့ ဝေဖန်မှုတွေကလည်း အားလုံး မှန်ကန်တယ်လို့ မဆိုလိုပါဘူး။ ဒါဟာလည်း ဒီမိုကရေစီခေတ်မှာ ရင်ဆိုင်ရမယ့် ကိစ္စပဲ။ မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်ရမယ်။ ကျမ ခဏ ခဏ ပြောပါတယ်။ ဝေဖန်တဲ့အခါမှာ ဝေဖန်မှုတွေက မှန်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲရမယ်။ မမှန်ဘူးဆိုရင်လည်း စိတ်ဆိုးနေစရာ မလိုဘူး။ ပြည်သူတွေဆီက မဲလိုချင်တုန်းကတော့ မဲပေးပါဆိုပြီးတော့ အမျိုးမျိုး စည်းရုံးပြီးတော့ အစိုးရလည်း ဖြစ်လာတော့ ပြည်သူတွေရဲ့ဆန္ဒ လျစ်လျူရှုမယ်ဆိုရင် အစိုးရကောင်းတွေ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ် မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ အစိုးရကောင်း ဆိုတာနဲ့ ပတ်သက်ပြီးလို့လည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စဉ်က ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ဖူးတယ်။ အဲဒီတုန်းက ၂၀ဝ၈ ဖွဲ့စည်းပုံကို  အတည်ပြု၊ ရွေးကောက်ပွဲကော်မရှင်ရဲ့ စည်းကမ်းချက်တွေကို လိုက်နာပြီး ရွေးကောက်ပွဲဝင်ရေး မူကို ချမှတ်ခဲ့တာပါ။ အရင်က အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲ မဝင်ရေးမူ ဖြစ်ပြီး ၉၀ ပြည့် ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည်ဖော်ပေးရေး၊ ၂၀ဝ၈ ဖွဲ့စည်းပုံကို လက်မခံရေး၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး စတဲ့မူတွေနဲ့ အစိုးရကို ထိုးနှက်တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အဲဒီမူတွေကို ဖျက်သိမ်းပြီး ဝင်ပြိုင်လိုက်တာ အမတ် ၄၄ နေရာမှာ ၄၃ နေရာ ရရှိခဲ့တယ်။ အားစမ်းကြည့်တော့ အားရှိသေးတာ သိသွားတဲ့အတွက် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီတုန်းက အစိုးရ ၄ မျိုးအကြောင်း ဒေါ်အောင်ဆန်းစုကြည် အနက်အဓိပ္ပာယ်ဖွင့်ပြခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရပြီးတဲ့အခါ အန်အယ်လ်ဒီ ဘယ်လို အစိုးရ ဖြစ်လာသလဲဆိုတာ သူတို့ကိုယ်တိုင်လည်း ဆန်းစစ်သလို ပြည်နယ်ကလည်း အတော်ဆန်းစစ်မိသွားပြီး။ ပြည်သူကို ဘယ်လိုတွေ လုပ်ပေးခဲ့သလဲ။ ဘယ်လိုတွေ အကျိုးပြုခဲ့သလဲဆိုတာ သူတို့ သိရှိပြီးသားပါပဲ။ တနှစ်ကျော်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်က “သူတို့အစိုးရဟာ ပြည်သူက မကြောက်တဲ့ အစိုးရအဆင့်ကို ရောက်ပြီ”လို့ ဆိုသွားခဲ့တယ်။ တကယ်ရော မကြောက်တဲ့ အစိုးရအဆင့်ကို ရောက်နေပြီလား။ ယခုလည်း ပြည်သူက တင်မြှောက်တဲ့ အစိုးရဟာ ပြည်သူ ဝေဖန်တာ ခံနိုင်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောဆိုပြန်တယ်။ တကယ်ခံနိုင်၊ မခံနိုင်ကတော့ မီဒီယာသမားတွေ ထပ်ပြန်တလဲလဲ တရားစွဲဆိုခံရ၊ အဖမ်းခံနေရတာဟာ နမူနာ ဖြစ်လိမ့်မယ် ထင်ပါတယ်။ ပုဒ်မ ၆၆(ဃ) ကို ရေလဲသုံးပြီး အဖမ်းခံ၊ တရားစွဲဆိုခံရ။ မီဒီယာသမားတွေ ကန့်ကွက်ဆန္ဒပြတာကလည်း မီဒီယာနဲ့ အစိုးရကြား ဆက်ဆံရေးကို မြင်သာထင်သာ ရှိစေပါတယ်။ ၆၆(ဃ) ဖျက်သိမ်းပေးရေး ဆိုတာ အခု အမျိုးသားလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ကြည့်လိုက်ရင် ဝေလာဝေးသွားပြီလို့ ဆိုရမယ်။ အာဏာရှိသူနဲ့ အာဏာမဲ့သူ ညှိနှိုင်းမရသေးတဲ့အချိန်မျိုးမှာ  ဆက်လက်အရေးယူတာတွေ၊ ဆက်လက်ဝေဖန်တာတွေနဲ့ ပြည်သူလူထုက ဘယ်ဘက်က လိုက်မလဲ ဆိုတာကို ပိတ်ကားပေါ် ဆက်ကြည့်ရလိမ့်မယ်။ မီဒီယာတွေနဲ့ ပြည်သူတွေကတော့ နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင် ခေတ်ကတည်းက ဖိနှိပ်မှုတွေ ကန့်သတ်ချုပ်ချယ်မှုတွေကို ခံလာခဲ့ရတာ ဆိုတော့ “ငရဲက လာတဲ့သူ ပြာပုံ မကြောက်” ဆိုသလို ဘာကိုမှ ထိတ်လန့်နေစရာ မရှိတော့ပါဘူး။ ဒီကနေ့ အန်အယ်လ်ဒီ အစိုးရဟာ ပြည်သူက အမှန်တကယ် မကြောက်တဲ့ အစိုးရ ဖြစ်နေပြီလား။ လောလောဆယ် ကြောက်သလား၊ မကြောက်သလား ပြောရရင်တော့ ပြည်သူတွေ နေ့တထိတ်ထိတ်၊ ညတထိတ်ထိတ်နဲ့ မျက်နှာမှာ မျက်နှာဖုံးတွေတပ်ပြီး H1N1 ကို ကြောက်လန့်နေရတာက စပြောရပါလိမ့်မယ်။ ဒါကို အစိုးရက ပြည်သူတွေ မကြောက်အောင် ဘာလုပ်ပေးနိုင်မလဲ ဆိုတာကို ကျန်းမာရေးဝန်ကြီက “အစိုးရကတော့ အထွေအထူး ဘာမှလုပ်မပေးနိုင်ဘူး။ အကောင်းဆုံးကတော့ မျက်နှာဖုံးစွပ်တာ အကောင်းဆုံးပဲ”လို့ ပြောတယ်။ နောက် တကိုယ်ရေ သန့်ရှင်းရေးက ၅၀% အကာအကွယ်ပေးနိုင်တယ်လို့ ဆိုပြန်တယ်။ ဒါက တကယ်တမ်း ပြည်သူတွေ ကျေနပ်လောက်တဲ့ အဖြေတွေ မဟုတ်ပါဘူး။ လောလောဆယ်မှာတော့ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေ အထူးသဖြင့် ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ နေတဲ့ ပြည်သူတွေကတော့ အကြောက်တရားနဲ့ ရင်ဆိုင်နေရပြီ။ အဲဒါကိုက ရောဂါပိုးကို ကြောက်သလို၊ ရောဂါပိုးအတွက် တိကျခိုင်လုံတဲ့ အကြောင်းပြချက် မပေးတဲ့ အစိုးရကိုလည်း ကြောက်လာတဲ့ သဘောပဲ။ ဒုတိယ ကြောက်နေရတာကတော့ ပြည်သူထဲမှာ ပါဝင်တဲ့ မီဒီယာသမားတွေ ဖြစ်ပါတယ်။ မီဒီယာသမားတွေကို အခု တရားစွဲနေတာကလည်း အစိုးရကချည်း စွဲနေတာပါပဲ။ ပြောရရင်တော့ ဒေါက်တာသန်းထွဋ်အောင်ကစပြီး ယခု ကိုဆွေဝင်းအထိ ဆက်တိုက်ပုဒ်မ ၆၆(ဃ)နဲ့ အစွဲခံနေရတယ်။ သတင်းဌာနက ဒီဗွီဘီ သတင်းထောက် ၂ ယောက်နဲ့ ဧရာဝတီ အွန်လိုင်းက သတင်းထောက် တယောက်လည်း ပုဒ်မ ၁၇(၁)နဲ့ တရားစွဲခံရတယ်။ ပုဒ်မ ၁၇(၁)ရဲ့ သမိုင်းမှာ အခုလို မီဒီယာသမားတွေကို တရားစွဲဆိုတာ မရှိပါဘူးလို့ ဆိုပါတယ်။ အခုလို ဥပဒေတွေနဲ့ ရေးကြ တင်ကြမယ်ဆိုရင် အာမခံမရတဲ့ အခုတော့ အထွေအထူး ဘာမှမပြင်ဘဲ အာမခံပေးရမယ် ဆိုတာပဲ ပြင်လိုက်တယ်။ ကျန်တာကတော့ အရင်အတိုင်းပါပဲ။ ပြင်တယ်ဆိုတာပဲရှိပြီး အနှစ်သာရကတော့ ၆၆(ဃ)ရဲ့ ရက်စက်တဲ့ ဥပဒေတွေကို မပြင်ခဲ့သလို ပြည်သူတွေဘက်က ရပ်တည်မှုမရှိတာကို အမျိုးသားလွှတ်တော်ကတော့ အရင်လိုပဲလို့ ပြောရလောက်အောင် မီးစိမ်းပြလိုက်တာပါပဲ။ ဒါကတော့ မီဒီယာသမားတွေရော၊ ပြည်သူတွေ ဖေ့စ်ဘွတ် သုံးတဲ့သူတွေရော ကြောက်နေရတဲ့ အဆင့်မှာ ရှိတာကြောင့် ပြည်သူ ကြောက်တဲ့ အစိုးရဆိုတာ ငြင်းမရတော့ပါဘူး။ အခုအချိန်မှာ ယခင်ဦးသိန်းစိန်အစိုးရထက် ပိုပြီး (၁) ကုန်ဈေးနှုန်းတွေ တက်လာတယ်။ (၂) သက်ငယ်မုဒိမ်းမှုတွေ များလာတယ်။ တဆက်တည်း လူသတ်မှုတွေလည်း တိုးလာတယ်။ နေ့ခင်းကြောင်တောင် အခန်းထဲဝင်ပြီး ရိုက်နှက်လုယက်တာမျိုး၊ (၃) ခိုးမှု၊ လုယက်မှုတွေလည်း ပိုများလာပါတယ်။ ဒါကြောင့် တရားဥပဒေ စိုးမိုးရေးဟာ ယေဘုယျ အားနည်းလာတယ်လို့ လေ့လာသူတွေက သတ်မှတ်ကြတယ်။ ဒီအတွက် တာဝန်အရှိဆုံးက အုပ်ချုပ်တဲ့အစိုးရပဲ ဖြစ်တယ်။ အစိုးရက ဒါတွေ လျော့ပါးသွားအောင်၊ ပပျောက်သွားအောင် မဆောင်ရွက်နိုင်သရွေ့ ပြည်သူလူထုက အဲဒီအစိုးရကို ကြောက်နေရဦးမှာပါပဲ။ ယခုဆိုရင် လယ်သမားတွေထံက မြေသိမ်း ယာသိမ်း ကိစ္စတွေ ထူးထူးခြားခြား ပပျောက်မသွားသေးသလို အလုပ်သမားတွေရဲ့ လုပ်အားနဲ့ လုပ်ခ လစာ မမျှတမှုတွေကလည်း မပပျောက်သေးဘူး။ အလုပ်သမားရုံးတွေက ဖျန်ဖြေရေးတွေ လုပ်ပေမယ့် အလုပ်ရှင်တွေက အလုပ်သမားတွေအပေါ် ဆက်လက်ကျူးလွန်နေတာကြောင့်  အလုပ်သမားတွေလည်း ဘယ်သူ့ အဖေခေါ်ရမလဲ မသိ အကျပ်အတည်း ဆိုက်နေပါတယ်။ ဒီလို အနိဋ္ဌာရုံတွေကို မဖြေရှင်းနိုင်သရွေ့ ပြည်သူတွေကြောက်တဲ့ အစိုးရပဲ ဖြစ်နေမှာပါပဲ။ ကံဆိုးတာက အစိုးရသက်တမ်း ၁ နှစ် ကျော်သွားပြီး ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ စကားကိုလည်း ကတိမတည်နိုင်သေးဘူး။ ပြည်သူ ကြောက်တဲ့အစိုးရကို ကျော်ပြီး ပြည်သူ ရွံ့မုန်းတဲ့ အစိုးရဘက်ကို ဦးတည်နေတယ်ဆိုတာ ကြားလူတွေကတော့ သိမြင်နေပါပြီ။ တကယ်ပဲ ပြည်သူ ရွံမုန်းတဲ့အစိုးရ ဖြစ်ဖို့ ဦးတည်နေလား ဆိုတာကတော့ ကိုယ်တိုင် ဆန်းစစ်ရမှာပဲ။ အဲဒီလို ဖြစ်လာရင်တော့ ယခင် စစ်အစိုးရတုန်းကလို ပြည်သူကြောက်ရွံ့၊ ထိတ်လန့်ရွံရှာ မုန်းတီးလာရင်တော့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြဖို့ပဲ ရှိပါတယ်။ ပြည်သူကို ပေါ့ပါ့မထင်ဘဲ တကယ် အလုပ်နဲ့ အပြော ညီအောင် ကြိုးစားရမယ်။ ပြည်သူက အစိုးရကို ကြောက်လန့်နေတုန်းပဲ။ အထူးသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတွေကို ပြည်သူက ကြောက်လန့်နေတာ အမှန်ပဲဆိုတာ ငြင်းလို့ မရပါဘူး။ ဒီဌာနတွေဟာ အာဏာရ အန်အယ်လ်ဒီ အစိုးရအဖွဲ့ထဲမှာ ပါဝင်တာပဲ။ ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံ ပြောသလို ပြည်သူ ကြောက်ရွံ့တဲ့ အစိုးရမျိုးတော့ မဟုတ်ဘူးဆိုတဲ့ စကားကို ကျနော်တို့ လက်မခံနိုင်ပါဘူး။ ပြည်သူကချစ်တဲ့ အစိုးရ မဟုတ်တာလည်း သေချာနေပါတယ်။ ဥပမာ- နိုင်ငံရေးအကျဉ်းသား ဆိုတာကို ယခုအချိန်ထိ ငြင်းပယ်ထားတာမျိုး၊ ထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ထည့်ထားတာမျိုး၊ ကျောင်းသားသမဂ္ဂ ဆိုတာကို တရားဝင် အသိအမှတ်မပြုတာမျိုး၊ သဘာဝဘေးအန္တရာယ်ကို သိသာထင်ရှားစွာ အကာအကွယ်ပေးနိုင်မယ့် အစီအမံတွေကို မချမှတ်နိုင်တာမျိုး၊ တနိုင်ငံလုံး လျှပ်စစ်မီးရရှိရေးအတွက် အာမခံချက် မပေးနိုင်သလို ယခင် အစိုးရထက် ဘာမှ ထူးခြားတဲ့ အပြောင်းအလဲ လုပ်မပေးနိုင်တာမျိုးတွေကြောင့် ဒါဟာ ပြည်သူချစ်တဲ့အစိုးရ မဟုတ်ဘူး  ဆိုတာကို ပွင့်ပွင့်လင်းလင်းပဲ တင်ပြ ပြောဆိုရလိမ့်မယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပြောသွားသလို “ပြည်သူ ဝေဖန်တာ ခံနိုင်ရမယ်”ဆိုတဲ့ နှုတ်ထွက်စကားကတော့ အလွန်ကို မှန်ကန်ပြီး နိုင်ငံရေးဟန်အပြည့် ပါပါတယ်။ ဒါပေမယ့် ပြည်သူ ဝေဖန်တာကို အပြစ်မယူဘူး။ တရားမစွဲပါဘူးဆိုတဲ့ အာမခံချက်မျိုး၊ ကတိမျိုး ပေးတာတော့ အဲဒီမိန့်ခွန်းထဲမှာ ပါမလာတဲ့အတွက် ပြည်သူကြောက်တဲ့ အစိုးရအဖြစ် ပြည်သူတွေက ဆက်ကြောက်နေဦးမယ်ဆိုတာ တင်ပြလိုက်ရပါတယ်။ ထက်မြက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024