ရေဘေးမှကယ်တင်ချိန် ပြုံးနေခဲ့သည့် ဝက်ကလေး အင်တာနက်ပေါ် ဆက်တိုက် ရေပန်းစား

ဓာတ်ပုံ - ဝေဘို
တရုတ်နိုင်ငံမှာ ရေကြီးရေလျှံမှုတွေကြောင့် ကယ်ဆယ်ရေးသမားတွေက ရေထဲမှ ဆွဲယူကယ်တင်ခဲ့ချိန်မှာ ပြုံးနေခဲ့တဲ့ ဝက်ကလေးတကောင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ဆက်တိုက် ရေပန်းစားနေပါတယ်။ ဒီအဖြစ်အပျက်ဟာ ရီဘင်းစီရင်စုနယ်မြေထဲမှာ သြဂုတ် ၂၅ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသား ၂ ဦးက ဝက်ကလေးရဲ့ ရှေ့ခြေထောက် ၂ ချောင်းကို ဘေးတဘက်တချက်ကနေ ဆွဲကိုင်ကာ ရေထဲက ဆွဲခေါ်ခဲ့တာကို တွေ့ရမှာပါ။ သူ့ရဲ့ ပြုံးနေတဲ့ ပုံသဏ္ဌာန်ဟာ ချစ်စရာဖြစ်နေခဲ့ပြီး သူ့ပုံကို တခြားနာမည်ကျော်တွေရဲ့ ပုံတွေနဲ့အတူ ဖန်တီးထားတဲ့ ရုပ်ပြောင်တွေလည်း များစွာထွက်ပေါ်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့တာ ဖြစ်ပါတယ်။ အပြောင်အပျက်သဘောနဲ့ ပြုပြင်ထားခဲ့ကြတဲ့ ပုံတွေထဲမှာ ဝက်ကလေးရဲ့ မျက်နှာနေရာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရုပ်ပုံတွေ အစားထိုးသုံးထားတာ၊ နာမည်ကြီး ရုပ်ရှင်ကားတကားဖြစ်တဲ့ Saving Private Ryan ဇာတ်ကားရဲ့ ဒီဗွီဒီပိုစတာပေါ်မှာ Ryan စာလုံးအစား Piggy လို့ သုံးထားတာတွေ၊ ကောင်းကင်ပြာပြာနောက်ခံမှာ ပြုံးနေတဲ့ ဝက်ကလေးရဲ့ ပုံတွေနဲ့ ဖန်တီးထားတာတွေကို တွေ့ရမှာပါ။ ဒီပုံတွေဟာ အင်တာနက်အသုံးပြုသူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေနေကြပြီး ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။ တချို့ကလည်း ဒီဝက်ကလေး ဘာဖြစ်သွားတယ်ဆိုတာကို ဆက်ပြီး သိချင်နေကြတာပါ။ တရုတ် ဒေသတွင်း သတင်းမီဒီယာတွေမှာတော့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေရာအနှံ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ချိန်မှာ လူတွေ၊ တိရစ္ဆာန်တွေ အပါအဝင် ဒေသခံတွေကို ဘေးလွတ်တဲ့ နေရာတွေဆီ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဖော်ပြကြပါတယ်။ ရီဘင်းစီရင်စုနယ်မြေထဲမှာတော့ အိမ်ထောင်စုပေါင်း ၁၃၅ စုကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up