သင်တို့အနေနဲ့ မြွေတွေ ဘယ်လိုသားပေါက်ကြသလဲဆိုတာကို သိကောင်းသိကြမှာဖြစ်ပေမယ့် တွေ့မြင်ဖူးဖို့တော့ တော်တော့်ကို ရှားပါလိမ့်မယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သွေးသံရဲရဲနဲ့ ဘိုအာသဲစပါးကြီးမြွေ (Sand Boa) တကောင် သားပေါက်တာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာ Reptile Collective ပေါ်မှာ တင်ထားခဲ့တာဖြစ်ပြီး ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၈ ဒသမ ၁ သန်း ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီစပါးကြီးမြွေဟာ ပြီးခဲ့တဲ့သီတင်းပတ်တွင်းက မြွေပေါက်ကလေး ၆ ကောင်ကို မွေးဖွားခဲ့တာပါ။
များသောအားဖြင့် မြွေတွေကို ဥကနေပေါက်တဲ့ သတ္တဝါတွေလို့ သိထားကြတာဖြစ်လို့ ဒီမွေးဖွားမှုကို တွေ့မြင်ရသူတွေအနေနဲ့ ထူးဆန်းနေခဲ့ကြတာဖြစ်ပြီး မှတ်ချက်တွေ အများအပြား ရေးနေခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီစာမျက်နှာပေါ်မှာတော့ “အားလုံး စိတ်ဝင်တစားရှိကြလို့ ကျေးဇူးတင်ပါတယ်။ ဘိုအာစပါးကြီးမြွေတွေဟာ ထူးခြားတဲ့ သတ္တဝါတွေဖြစ်ပြီး သေးငယ်တဲ့ခန္ဓာကိုယ်ရှိတာမို့ ထိန်းသိမ်းရလွယ်ကူတဲ့ သတ္တဝါဖြစ်တယ်” လို့ ရေးထားခဲ့တာပါ။
ဘိုအာ သဲစပါးကြီးမြွေတွေဟာ သေးငယ်တဲ့ မြွေအမျိုးအစားထဲမှာ ပါဝင်ပြီး အရှည် ၂ ပေဝန်းကျင်လောက်ထိသာ ရှိနိုင်ကာ သက်တမ်း နှစ် ၂၀ ထိ ရှင်သန်နိုင်တဲ့ သတ္တဝါမျိုးစိတ်ထဲမှာ ပါဝင်ပါတယ်။