Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် ကျပ် သိန်း ၈၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးမိ
DVB
·
August 30, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ သစ်ပုံလွင်ကျေးရွာမှာ ကျပ်သိန်း ၈၀ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို သြဂုတ်လ ၂၉ ရက် မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။ သြဂုတ်လ ၂၉ ရက် မနက် ၆ နာရီအချိန် မူးယစ်တပ်ဖွဲ့စု (၆) ကသာမှ ရဲအုပ်ကျော်မင်းထွန်းနဲ့ အဖွဲ့၊ မဲဇာနယ်မြေ ရဲကင်းစခန်းမှ ရဲဒုတပ်ကြပ် ဇော်ဇော်အောင်တို့ဟာ သက်သေတွေနဲ့အတူ မူးယစ်ဆေးဝါးသတင်းအရ သစ်ပုံလွင်ကျေးရွာနေ စန်းယုရဲ့ လယ်တဲကို ရှာဖွေဖမ်းဆီးခွင့် ဝရမ်းအမှတ်(၈/၂၀၁၇) နဲ့ ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ စန်းယုမှာ ပြန်သွားခဲ့ပြီး လယ်တဲစောင့် ကျော်သန်းကို တွေ့ရှိရကာ ကျော်သန်း အိပ်တဲ့ အိပ်ရာခေါင်းရင်းဘေး လွယ်အိတ်ထဲက CEFTRIAXONE SODIUM စာတန်းပါ စက္ကူဘူးထဲမှာ ထည့်ထားတဲ့ အနီရောင်အဖုံးပါ အဖြူရောင်ကော်ဘူးအတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၅၀ ပြားပါ ၁ ဘူး ကာလတန်ဖိုး ၂၅၀၀၀၀ ကျပ်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦးက “သက်သေတွေရှေ့မှာ စစ်ဆေးမေးမြန်းရာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို သစ်ပုံလွင်ကျေးရွာနေ စန်းယုက ရောင်းချခိုင်းထားတဲ့ ပစ္စည်းတွေ ဖြစ်ကြောင်း စစ်ဆေးရမိခဲ့တယ်” လို့ ပြောပါတယ်။ အဲဒီနောက် သြဂုတ်လ ၂၉ ရက် မနက် ၆ နာရီအချိန်က မူးယစ်တပ်ဖွဲ့စု (၆) ကသာက ရဲအုပ်ကျော်မင်းထွန်းနဲ့ အဖွဲ့၊ မဲဇာနယ်မြေရဲကင်းစခန်းမှ ရဲဒုတပ်ကြပ် ဇော်ဇော်အောင်တို့ဟာ သက်သေတွေနဲ့အတူ မူးယစ်ဆေးဝါး သတင်းအရ သစ်ပုံလွင်ကျေးရွာနေ စန်းယုရဲ့ နေအိမ်ကို မူးယစ်ဆေးဝါး ဝရမ်းနဲ့ ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ စန်းယု အိပ်တဲ့ အိပ်ရာခေါင်းရင်းဘက်က တိုင်မှာ ချိတ်ဆွဲထားတဲ့ ခရမ်းရောင် ဘေးလွယ်အိတ်ထဲက WY စာတန်းပါ စိတ်ကြွဆေးပြား ၂၀၀ ပြားပါ ၁ ထုပ်၊ အိပ်ရာခြေရင်းဘေး သစ်သားသေတ္တာထဲက WY စာတန်းပါ စိတ်ကြွဆေးပြား ၂၀၀ ပြားစီပါ ၅ ထုပ်၊ ၁၇၀ ပြားပါ ၁ ထုပ်၊ စန်းယု အိပ်တဲ့ အိပ်ရာကြမ်းခင်း ပျဉ်ပြားများအောက်မှ WY စာတန်းပါ စိတ်ကြွဆေးပြား ၂၀၀ ပြားပါ ၁ ထုပ်၊ စုစုပေါင်းဆေးပြား ၁၅၇၀ ပြား ကာလတန်ဖိုး ၇၈၅၀၀၀၀ ကျပ်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦးက ပြောပါတယ်။ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ အင်းတော်မြို့နယ်၊ သစ်ပုံလွင်ကျေးရွာနေ ကျော်သန်း (၄၁-နှစ်) နဲ့ စန်းယု (၄၅-နှစ်) တို့ကို အင်းတော်မြို့မရဲစခန်းက မူးယစ်ဆေးဝါး ဥပဒေအရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024