Home
မြန်မာသတင်း
မုတ္တမပင်လယ်ကွေ့အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရန် လူထုတွေ့ဆုံပွဲ ပြုလုပ်
DVB
·
August 30, 2017
မုတ္တမပင်လယ်ကွေ့ထဲမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ဖို့အတွက် ထိုင်းကုမ္ပဏီတခုက မြိတ်ဒေသခံတွေနဲ့ တွေ့ဆုံပွဲတခုကို သြဂုတ် ၂၉ ရက်က မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ ပုလဲရတနာခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ မြန်မာ့ပင်လယ်ပြင်   ကမ်းလွန်လုပ်ကွက်   M 9 နဲ့ M 11 တို့မှာ   ရေနံနဲ့  သဘာဝဓာတ်ငွေ့ တူးဖော်ဖို့ ခွင့်ပြုချက်ရထားတဲ့ ထိုင်းကုမ္ပဏီ PTTEP အနေနဲ့ တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် နယ်ပယ်အတိုင်းအတာ ဆန်းစစ်ခြင်းဆိုင်ရာ လူထုတွေ့ဆုံပွဲကို ပထမဆုံး အကြိမ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ တွေ့ဆုံပွဲကို ဌာနဆိုင်ရာတချို့၊ အရပ်ဘက်အဖွဲ့အစည်းတချို့နဲ့ ဒေသခံ အနည်းငယ်သာ တက်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ ကျွန်းစုမြို့နယ်မှ ဒေသခံ ဦးမျိုးဦးက “ကျနော်တို့က တောသားတွေပါ။ ကျနော်တို့ အရပ်သားတွေ နားလည်မယ့် စကားလုံးတွေကို သုံးနှုန်းပြီး ပွင့်လင်းမြင်သာစွာ ပြောဆိုဖို့ လိုပါမယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ပြီး ကျနော်တို့နိုင်ငံအတွက် ဘယ်လောက် ခံစားခွင့်တွေ ရှိမလဲ၊ ဓာတ်ငွေ့ လိုအပ်ချက်၊ လျှပ်စစ် လိုအပ်ချက်က ကျနော်တို့ တိုင်းပြည်အတွက် ဘယ်လောက် လုပ်ပေးမလဲ။ ထိုင်းနိုင်ငံအတွက် လိုအပ်ချက်ရှိလို့ ဒီမှာ လာလုပ်တာလား။ ဒေသဖွံ့ဖြိုးရေးအတွက် ဘာတွေ လုပ်ပေးမလဲ ဆိုတာ သိချင်ပါတယ်။ နောက်တကြိမ် ပြည်သူလူထုနဲ့ တွေ့ဆုံမယ်ဆိုရင် ကျနော်တို့ ကျွန်းစုမှာ လာရောက်လုပ်စေချင်ပါတယ်” လို့  ပြောပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ခြင်း လုပ်ကိုင်ခွင့်ရထားတဲ့ အဆိုပါကုမ္ပဏီအနေနဲ့ လုပ်ငန်းဆောင်ရွက်ဖို့ စမ်းသပ်မှု အောင်မြင်ပါက မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့ တူးဖော်ရေးကို ၂၀ ရာခိုင်နှုန်း ခံစားခွင့်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE မှ ကိုယ်စားလှယ် ဦးနေအောင်က “လုပ်ကွက်က မြိတ်မြို့နဲ့ ကီလိုမီတာ ၂၀၀ ကျော် ဝေးပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေ ခွင့်ပြုချက်ရထားပြီးပါပြီ။ ထိုင်းကုမ္ပဏီက ၈၀ ရာခိုင်နှုန်း၊ နိုင်ငံတော်က ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှာပါ” လို့ ပြောပါတယ်။ ကမ်းလွန်လုပ်ကွက်တွေနဲ့ ပတ်သက်လို့ ၂၀၁၈ စက်တင်ဘာမှာ ပင်လယ်ရေကြောင်း သတိပေးကြေညာချက်တွေထုတ်ပြန်ပြီး ၂၀၁၈ အောက်တိုဘာနောက်ပိုင်းမှာ တွင်းတူးလုပ်ငန်းတွေကို စတင်ဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024