အကြမ်းဖက်သမားများကို ပစ်ခတ်အရေးယူသွားမည်ဟု ပြည်ထဲရေးဝန်ကြီးပြော
DVB
·
August 29, 2017
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေဟာ နိုင်ငံတော် အချုပ်အခြာအာဏာကို ထိခိုက်လာတဲ့အတွက် အကြမ်းဖက်သမားတွေကို ပစ်ခတ်အရေးယူသွားမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောဆိုလိုက်ပါတယ်။
ရန်ကုန်မြို့ NRPC ရုံးမှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီးက မီဒီယာတွေကို ပြောဆိုခဲ့တာဖြစ်ပြီး အကြမ်းဖက်သမားတွေရဲ့ ရည်ရွယ်ချက်ဟာ မွတ်စလင်ပြည်နယ် ထူထောင်ရေး ဖြစ်တယ်လို့ သူက ပြောပါတယ်။
နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင့်နောင်ရိပ်သာမှာလည်း ဒီကနေ့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ အစွန်းရောက် အကြမ်းဖက်ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်ဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို တပ်မတော်က ပြုလုပ်နေပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ရဲဝင်း၊ စစ်ဖက်ရေးရာနှင့်လုံခြုံရေး ဒုတိယအရာရှိချုပ် ဗိုလ်ချုပ်သန်းထွဋ်သိန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာစစ်သံမှူးတွေ တက်ရောက်ကြပါတယ်။
ရှင်းလင်းပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခြင်း မရှိပါဘူး။
သတင်း၊ ဓာတ်ပုံ- ဇေယျာချမ်းအေး၊ နေဖြိုးဝင်း