အိန္ဒိယနှင့် နယ်စပ်တင်းမာမှု အဆုံးသတ်ဟု တရုတ်အစိုးရ အတည်ပြု

ဓာတ်ပုံ - အေအက်ဖ်ပီ
1K
တရုတ်-အိန္ဒိယ နယ်စပ်က တင်းမာမှုတွေ အဆုံးသတ်သွားပြီလို့ တရုတ်အစိုးရက အတည်ပြုလိုက်ပါတယ်။
တရုတ်နဲ့ အိန္ဒိယနယ်စပ်က အိန္ဒိယတပ်တွေနဲ့ ပစ္စည်းတွေ အငြင်းပွား နယ်စပ်ဒေသကနေ ပြန်ဆုတ်သွားပြီလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ် ၂၈ ရက်မှာ အတည်ပြုလိုက်တာပါ။
၂ နိုင်ငံကြား အချိန် ၂ လကျော်ကြာ မတိုးသာ မဆုတ်သာဖြစ်နေတဲ့ အခြေအနေ အဆုံးသတ်သွားတာပါ။
ဟိမဝန္တာအရှေ့ပိုင်းက ဝေးလံသီခေါင်တဲ့ နေရာမှာ ရှိနေတဲ့ တပ်တွေကို ရင်ဆိုင်မတွေ့အောင် မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ခွဲပစ်ဖို့ ၂ နိုင်ငံကြား သဘောတူခဲ့တယ်၊ အကျပ်အတည်း ပြေလျော့စေဖို့ သံတမန်ရေး ဆွေးနွေးပွဲတွေ ဆက်လုပ်မယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း သြဂုတ် ၂၈ ရက်မှာ ပြောပါတယ်။
စီပွားရေး အမြန်ဖွံ့ဖြိုးတိုးတက်နေသောနိုင်ငံများအဖွဲ့ ဘရစ်ခ်စ် ထိပ်သီးညီလာခံ မတိုင်မီမှာ ခုလို ဆုံးဖြတ်ခဲ့တာပါ။
လာမယ့်လ တရုတ်နိုင်ငံမှာ ကျင်းပမယ့် ဘရာဇီး၊ ရုရှား၊ တောင်အာဖရိက၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ ထိပ်သီးညီလာခံကို အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာ မိုဒီလည်း တက်ရောက်ဖို့ မျှော်လင့်ထားပါတယ်။
အိန္ဒိယ၊ ဘူတန်နဲ့ တရုတ် ၃ နိုင်ငံနယ်စပ်နားက ဒေါ့ခ်လမ်ကုန်းပြင်မြင့်မှာ တရုတ်နဲ့ အိန္ဒိယတပ်တွေ ထိပ်တိုက်တွေ့ခဲ့တာပါ။
ဘူတန်နဲ့ အိန္ဒိယကတော့ မဟာမိတ်နိုင်ငံ ဖြစ်ပါတယ်။
ဒီအရေးဟာ ဆယ်စုနှစ်တွေအတွင်း အကြီးမားဆုံး အကျပ်အတည်းလည်း ဖြစ်ခဲ့ပါတယ်။
တရုတ်စစ်တပ်က ဒေါ့ခ်လမ်ဒေသမှာ ဆက်ပြီး ကင်းလှည့်နေမယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဟွာချန်းယဉ်က သြဂုတ် ၂၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။