Home
မြန်မာသတင်း
သာစည်-တောင်ကြီးလမ်းတွင် စိတ်ကြွဆေး ကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုး ဖမ်းမိ
DVB
·
August 29, 2017
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သာစည်-တောင်ကြီးလမ်း၊ ကျွဲတပ်ဆုံ တိုးဂိတ်အနီး သြဂုတ်လ ၂၈ ရက် မနက် ၁ နာရီ တောင်ကြီးဘက်က ဆင်းလာတဲ့ ခရီးသည်တင်ကားပေါ် လိုက်ပါလာသူ မနန်းမိုးဇာရဲ့ လက်ဆွဲအိတ်ထဲက စိတ်ကြွဆေးပြား ကာလတန်ဖိုး ကျပ်သိန်း ၃၁၇၉ သိန်းဖိုး ဖမ်းမိခဲ့တယ်လို့ သာစည်မြို့မရဲစခန်းက သိရပါတယ်။ တောင်ကြီးဘက်က ဆင်းလာတဲ့ ကားတွေကို အမှတ် (၁၈) မူးယစ်တပ်ဖွဲ့မှ တာဝန်ရှိသူတွေနဲ့ သာစည်မြို့နယ် ရဲတပ်ဖွဲ့တို့ စစ်ဆေးနေစဉ် ခွန်သန်းကျော်ဌေး မောင်းတဲ့ ခရီးသည်တင် အေဒီဗင်ကားငယ် နောက်ခန်းမှာ မနန်းမိုးဇာ လိုက်ပါလာပြီး မနန်မိုးဇာ(ခ)မိုးဇာရဲ့ လက်ဆွဲအိတ်ထဲက WY စာတန်းပါ စိတ်ကြွဆေးပြား ၁၀၀၀၀၀၊ အလေးချိန် ၁၀ ကီလိုဂရမ် ကာလတန်ဖိုး ကျပ်သိန်း ၃၀၀၀ နဲ့ ICEအကြည် ရောင်ပုံဆောင်ခဲ အလေးချိန် ၀ ဒသမ ၈၉၈ ကီလိုဂရမ် ကာလတန်ဖိုး ကျပ်သိန်း ၁၇၉ သိန်းကျော်ဖိုး ဖမ်းဆီးရမိခဲ့တာပါ။ ဒုရဲအုပ် ဖြိုးကျော်ခိုင်က “တောင်ကြီးမြို့ စပ်စံထွန်းရပ်ကွက် ညောင်ဖြူစခန်းရပ် သစ်ခွလမ်းမှာ မနန်းမိုးဇာ နေပါတယ်။ ပိုက်ဆံ ၁၂ သိန်းရလို့ သယ်ပေးတာပါ ထွက်ဆိုတယ်။ ကွင်းဆက်တရားခံကို ဆက်စုံစမ်းနေပါတယ်” လို့ ပြောပါတယ်။ သာစည်မြို့မရဲစခန်းက မနန်းမိုးဇာကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဥပဒေ လက်ဝယ်ထားရှိမှု၊ သုံးစွဲမှု၊ ဖြန့်ဖြူးမှု ပုဒ်မ ၁၅/၁၉(က)/၂၁ နဲ့ အမှုအမှတ် မယ(ပ)၁၉/၂၀၁၇ တို့နဲ့ ဖမ်းဆီး အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024