အိန္ဒိယတွင် ဗုဒ္ဓဘာသာသီလရှင်များက အမျိုးသမီးများကို ကိုယ်ခံပညာသင်ပေး (ရုပ်သံ)

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟိမဝန္တာဒေသ လာဒက်တောင်ပေါ်ဒေသက ဗုဒ္ဓဘာသာ သီလရှင်တွေဟာ အမျိုးသမီးတွေကို ကိုယ်ခံပညာ သင်ပေးနေကြပါတယ်။ အိန္ဒိယနိုင်ငံတွင်း အဓမ္မပြုကျင့်မှု အစီရင်ခံစာတွေ များလာတဲ့အတွက် မိန်းကလေးတွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သင်ပေးနေတာပါ။ “သီလရှင်ဆိုတာ ထိုင်ပြီး ဝတ်ပြုနေဖို့ပဲလို့ လူအများစုက ပြောနေတယ်။ ဒါပေမယ့် ကျမတို့က အပြောတင်မကဘူး၊ လှုပ်ရှားမှုကိုပါ ပြနေတယ်။ အပြောက ကျမတို့အတွက် မလုံလောက်ဘူး၊ တုံ့ပြန်ရမယ်” လို့ အသက် ၁၉ နှစ်အရွယ် သီလရှင် ဂျစ်မီ ဝမ်ချုပ် လာမိုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ သူဟာ ဒရက်ခ်ပါမျိုးဆက်ဝင် သီလရှင်အပါး ၇၀၀ ထဲက တပါးပါ။ ဒီမျိုးဆက် သီလရှင်တွေဟာ ဒီဒေသမှာ ဘုန်းတော်ကြီးတွေနဲ့ အဆင့်အတန်း တူညီပါတယ်။ အနှစ် ၁၀၀၀ လောက် သက်တမ်းရှိတဲ့ ဒီဂိုဏ်းခေါင်းဆောင်က လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကမှ သီလရှင်တွေကို ကွန်ဖူးပညာသင်ဖို့ အားပေးခဲ့တာပါ။ ဂိုဏ်းဝင်တွေက သူတို့စွမ်းရည်တွေကို မိန်းကလေးတွေနဲ့ အမျိုးသမီးတွေအတွက် မနက် ၆ နာရီကနေ ည ၉ နာရီထိ ငါးရက်ကြာတဲ့ အလုပ်ရုံ ဆွေးနွေးပွဲအတွင်း သင်ကြားမျှဝေခဲ့ပါတယ်။ အနောက်ကနေ တိုက်ခိုက်လာတာကို ဘယ်လိုကိုင်တွယ်ရမလဲ၊ ဘယ်လိုခုခံရမလဲ ဆိုတာတွေကို သင်တန်းပေးပါတယ်။ သီလရှင်တွေဟာ လူကုန်ကူးမှုနဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုလို အရေးကိစ္စတွေကို သတိထားမိမှု မြှင့်တင်ဖို့ ဟိမဝန္တာ တောင်တန်းတလျှောက် ကီလိုမီတာ ထောင်ချီပြီး တောင်တက် စက်ဘီးစီးတာတွေလည်း လုပ်ကြပါတယ်။ ခုတော့ အိန္ဒိယနိုင်ငံထဲက အမျိုးသမီးတွေ၊ မိန်းကလေးတွေ ရင်ဆိုင်နေရတဲ့ အကြီးဆုံး ခြိမ်းခြောက်မှုတွေထဲက တခုဖြစ်တဲ့ အဓမ္မပြုကျင့်မှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ နိုင်ငံတွင်းမှာ ၂၀၁၅ ခုနှစ်က အဓမ္မပြုကျင့်မှု ၃ သောင်းခွဲလောက် ရှိတယ်လို့ နိုင်ငံလုံးဆိုင်ရာ ရာဇဝတ်မှု မှတ်တမ်းဗျူရိုက ဆိုပါတယ်။ ၂၀၁၁ ခုနှစ်ကထက် ၄၃ ရာခိုင်နှုန်း တိုးလာပြီး ၁ နာရီတိုင်း လူလေးယောက် အဓမ္မပြုကျင့် ခံနေရပါတယ်။ တက်ကြွလှုပ်ရှားသူတွေကတော့ တကယ့်ကိန်းဂဏန်းက ဒီ့ထက် အဆများစွာ ပိုများနိုင်တယ်၊ အမျိုးသမီး အများအပြားဟာ အရှက်နဲ့ အကြောက်တရားတွေကြောင့် ခုလိုဖြစ်ရပ်တွေကို တိုင်ကြားဖို့ တွန့်ဆုတ်နေတယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up