သမ္မတနန်းတော်ကို အသေခံဗုံးခွဲရန် ကြံစည်ခဲ့သည့် အမျိုးသမီး ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခံရ

အသေခံဗုံးဖောက်ခွဲရန် ကြံစည်ခဲ့သူ ဒိုင်ယန် ယူလီယာနိုဗီ (ဝဲ-ဒု) အား တရားခွင်အတွင်းတွေ့ရစဉ်။ (ဓာတ်ပုံ - ရိုက်တာ)
အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတနန်းတော်ကို အသေခံဗုံးဖောက်ခွဲဖို့ ကြံစည်ခဲ့တဲ့ အမျိုးသမီးကို ဂျကာတာတရားရုံးက ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်လိုက်တယ်လို့ သူ့ရဲ့ရှေ့နေတဦးက သြဂုတ် ၂၇ ရက်နေ့မှာ ပြောပါတယ်။ အသက် ၂၈ နှစ်အရွယ် ဒိုင်ယန် ယူလီယာနိုဗီဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတုန်းက သမ္မတနန်းတော်အနီးမှာ အသေခံဗုံးဖောက်ခွဲဖို့ ကြံစည်ခဲ့လို့ ဖမ်းဆီးခံခဲ့ရတာပါ။ ဂျကာတာ အရှေ့ပိုင်းခရိုင်တရားရုံးဟာ မီဒီယာတွေကို တက်ရောက်ခွင့်မပြုတဲ့ တရားစီရင်ဆွေးနွေးပွဲတခု ကျင်းပခဲ့ပြီးနောက်မှာ ဒီဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။ ခုလိုအမိန့်ချမှတ်တာဟာ အယူခံဝင် ချေပလျှောက်ထားတဲ့ ကာလတိုအချိန်အတွင်းမှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒိုင်ယန်အနေနဲ့ သူကျူးလွန်မိတဲ့ ပြစ်မှုကို ဝန်ခံထားပြီး လက်ရှိမှာလည်း ကိုယ်ဝန် ၉ လ ဆောင်ထားတာ ဖြစ်တဲ့အတွက် မူလသတ်မှတ်ထားတဲ့ ထောင်ဒဏ် ၁၀ နှစ်အစား ၇ နှစ်ခွဲကို လျှော့ပေါ့ကျခံစေတာဖြစ်တယ်လို့ သူ့ရဲ့ ရှေ့နေတဦးဖြစ်တဲ့ ခမ်စီက ပြောပါတယ်။ ဒါပေမယ့် သမ္မတရုံးဘက်က တရားသူကြီးတွေကတော့ ဒါဟာ အသေခံဗုံးဖောက်ခွဲမှု ကျူးလွန်တာ ထင်ရှားနေတယ်လို့ ပြောလိုက်ပြီး တကယ်လို့များ ဗုံးဖောက်ခွဲမှု အောင်မြင်ခဲ့တယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး အသေခံဗုံးခွဲသမား ဖြစ်လာမှာလို့ ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ မွတ်ဆလင်အများစုရှိတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး အသေးစား ဖောက်ခွဲမှုတွေ အပါအဝင် နေရာအနှံ့ ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒီအမှုမှာ အတူပါဝင်ခဲ့တဲ့ သူ့ရဲ့ခင်ပွန်းဖြစ်သူကိုတော့ လာမယ့် စက်တင်ဘာ ၆ ရက်နေ့ ကြားနာမှာဖြစ်တယ်လို့ ဆိုပါတယ်။ မိုဟာမက် နူအာဆိုလီကင်ဟာ ဒိုင်ယန်ကို အနီးကပ်ညွှန်ကြားခဲ့တဲ့ အိုင်အက်စ် အကြမ်းဖက်သမားတဦးဖြစ်ပြီး နောက်ပိုင်းမှာ သူမရဲ့ခင်ပွန်း ဖြစ်လာခဲ့သူပါ။ ဒိုင်ယန်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၇ ရက်နေ့မှာ ကြေးနန်းစာတစောင် လက်ခံရရှိခဲ့တာဖြစ်ပြီး အသေခံဗုံးဖောက်ခွဲမှု ပြုလုပ်ရမယ့် နေရာကို ညွှန်ကြားချက် ရရှိခဲ့တာပါ။ ဒါပေမယ့် သူတို့ရဲ့ အသေခံဗုံးဖောက်ခွဲမှု အစီအစဉ် မစတင်နိုင်ခင်မှာပဲ ရဲတွေရဲ့ နောက်ယောင်ခံ စုံစမ်းမှုနဲ့ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

More News
Up