Home
ဆောင်းပါး
မူးယစ်ဆေးဝါးနှိမ်နင်းရင်း တရားဥပဒေစိုးမိုးရေး ပျက်ယွင်းလာတဲ့ ဖိလစ်ပိုင်
DVB
·
August 28, 2017
  လွန်ခဲ့တဲ့ သီတင်းတပတ်အကျော်က ခလူးခန် ပုလိပ်အဖွဲ့ရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ဆင်ရေးမှာ အသက် ၁၇ နှစ်အရွယ် ကျောင်းသားလူငယ်လေးတယောက် ပစ်သတ်ခံလိုက်ရတဲ့အတွက် ဖိလစ်ပိုင်ပြည်သူတွေ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပြီး အပြင်းအထန်လည်း ဒေါသထွက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကတော့ ဖိလစ်ပိုင်ကို ကုလသမဂ္ဂ ယူနီဆက်ဖ်အဖွဲ့က မူးယစ်ဆေးဝါး နှိမ်နင်းရေးရဲ့ သက်ရောက်မှုတွေကြောင့် ဖိလစ်ပိုင် ကလေးတွေအပေါ် သက်ရောက်မှုတွေ ဖြစ်လာမှာကို အများကြီး စိုးရိမ်ပူပန်မှု ဖြစ်ရတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂ အစီအစဉ်က “ယူနီဆက်ဖ်အဖွဲ့အနေနဲ့ ခီယန်းရဲ့မိသားစုကို ကြေကွဲဝမ်းနည်းစာနာမှု ပေးအပ်ပါတယ်။ ကျွန်ုပ်တို့က အသတ်ခံခဲ့ရတဲ့ ကလေးတွေရဲ့ မိသားစုတွေ အားလုံးအတွက် ကြေကွဲဝမ်းနည်းမှုကို မျှဝေခံစားရသလို ဒီမူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ဆင်ရေးအတွင်း မိဘတွေ၊ စောင့်ရှောက်သူတွေ၊ ဆွေမျိုးသားချင်းတွေ ဆုံးရှုံးသွားခဲ့ကြရတဲ့ ကလေးတွေ အားလုံးအတွက်လည်း ကြေကွဲဝမ်းနည်းမှု မျှဝေခံစားမိပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်ရေးအတွင်း ပစ်သတ်ခံခဲ့ရတဲ့ ကလေးတွေဟာ တကယ်ရော မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ သုံးစွဲမှုတွေနဲ့ ပတ်သက်မှုရှိရဲ့လား ဆိုတာကတော့ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ မရှိတာ တွေ့ရပါတယ်။ အဓိကကတော့ နိုင်ငံတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားမှုတွေ များလာတဲ့အတွက် သမ္မတဒူတာတေက စီမံချက်ချပြီး နှိမ်နင်းတဲ့အချိန်မှာ မူးယစ်ဆေးဝါး နှိမ်နင်းရေးအတွက် အဓိကတာဝန်ယူရတဲ့ ပုလိပ်တပ်ဖွဲ့ကို လုပ်ပိုင်ခွင့် ပိုပြီးပေးအပ်ခဲ့သလို သမ္မတရဲ့ သူ့သက်တမ်းအတွင်း မူးယစ်ဆေးဝါးကို အမြစ်ပြတ်အောင် တိုက်ဖျက်ပစ်နိုင်တယ်ဆိုတဲ့ နာမည်ကောင်းနဲ့ ပြင်းပြင်းထန်ထန် နှိမ်နင်းပစ်ပြီး သူ့ရဲ့ သမ္မတ ဒုတိယသက်တမ်းအတွက် စိတ်ချရအောင် လုပ်ချင်ပုံလည်း ရပါတယ်။ ဒါပေမယ့် အဲဒီအတ္တစိတ်ကြောင့် နိုင်ငံတွင်းမှာ မူးယစ်ဆေးဝါး နှိမ်နင်းရေးကို ဒီလို ပြင်းပြင်းထန်ထန် လုပ်နေတာဆိုတော့ မမှန်မကန်နိုင်သလို ဖိလစ်ပိုင်ပြည်သူတွေ အားလုံးရဲ့ အသက်အန္တရာယ် လုံခြုံရေးအတွက် အများကြီး စိုးရိမ်စရာ အနေအထားကို ရောက်လာနေပြီလို့ ပြောရမှာပါပဲ။ ဖိလစ်ပိုင်အမျိုးသားပုလိပ်တပ်ဖွဲ့ရဲ့ ပြီးခဲ့တဲ့အပတ်က အတည်ပြု ထုတ်ပြန်ချက်အရ ဖိလိပိုင်သမ္မတ ဒူတာတေရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးအတွင်း အသတ်ခံရသူ အရေအတွက်ဟာ ၇၀၀၀ ကျော်ရှိသွားပြီလို့ သိရပါတယ်။ အဲဒီ လူပေါင်း ၇၀၂၈ ယောက် အသတ်ခံရတာဟာ သမ္မတ ဒူတာတေ သမ္မတတာဝန်ကို စတင်ထမ်းဆောင်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ကစပြီး တနေ့ကို ပျမ်းမျှ လူ ၃၀ ကျော် အသတ်ခံခဲ့ရတာဖြစ်ပြီး ဖိလစ်ပိုင်ပုလိပ်တပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါး သုံစွဲသူနဲ့ ရောင်းဝယ် ဖောက်ကားသူလို့ သံသယရှိတဲ့သူ ၂၅၀၃ ယောက် အပါအဝင် ဖြစ်ပါတယ်။ ဒါပေမယ့် ဆိုးတာက ၃၆၀၃ ယောက်ရဲ့ သေဆုံးမှုကတော့ ပုလိပ်တပ်ဖွဲ့ကသတ်တာ မဟုတ်ဘဲ အမျိုးအမည် ဖော်လို့မရတဲ့လူတွေရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ခက်တာက သမ္မတဒူတာတေ ကိုယ်တိုင်က “လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို မေ့ထားလိုက်ပါ” လို့ ပြောထားခဲ့တဲ့အတွက် တရားဥပဒေမဲ့ သတ်ဖြတ်စီရင်မှုတွေ အများကြီး ပေါ်ပေါက်လာခဲ့တယ်လို့ ပြောရမှာပါပဲ။ ပြဿနာက အဲဒီလို ပြောလိုက်တဲ့စကားကြောင့် စေတနာနဲ့ ဝိုင်းဝန်းကူညီ စောင့်ရှောက်မယ့် ကင်းအဖွဲ့အဖြစ် တာဝန်ယူမယ်လို့ ဆိုတဲ့သူတွေ (ပုလိပ်အဖွဲ့ကို အကူအညီပေးသူတွေ) က သူတို့ မြင်မြင်သမျှ သံသယရှိသူတွေလို့ သူတို့သတ်မှတ်တဲ့သူတွေကို တရားလက်လွတ် မေးမြန်းစုံစမ်း အတည်ပြုတာမျိုး မရှိဘဲ ပစ်သတ်နေတာတွေပါပဲ။ အသတ်ခံရသူတွေဟာ ဘာဖြစ်လို့ ဘယ်သူက ပစ်သတ်သွားတာမှန်းမသိ ဖြစ်ခဲ့ရတယ်လို့ ဆိုရမှာပါပဲ။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှာ သူ့ရဲ့ ကလေး ၂ ယောက်ကို ကျောင်းလိုက်ပို့ပေးတဲ့ မိခင်ဖြစ်သူ နိုရာ အာဆီယိုလို (အသက် ၄၇) ကို အမည်မသိတဲ့ သေနတ်သမားတယောက်က ပစ်သတ်သွားခဲ့တဲ့အဖြစ်ကို မိသားစုရဲ့ မိတ်ဆွေတယောက်က ငိုယိုပြောပြခဲ့ပါတယ်။ ရိုက်တာသတင်းဌာနရဲ့ သတင်းပေးပို့ချက် တခုမှာတော့ သူတို့ဟာ ဖိလစ်ပိုင်ပြည်သူလူထုကို အကျဉ်းရုံး သတ်ဖြတ်ခံရမယ့် ခြိမ်းခြောက်မှုကို ဖြစ်ပေါ်လာစေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ပုလိပ်အဖွဲ့ကတော့ သတ်ဖြတ်မှု ၂၅၀၃ ခုမှာ အဲဒီသူတွေဟာ ဖမ်းဆီးမှုကို ခုခံဆန့်ကျင်ပြီး ပုလိပ်အဖွဲ့ကို ပစ်ခတ်ခုခံခဲ့တယ်လို့ ပြောပြီး သူတို့ရဲ့ သတ်ဖြတ်မှုတွေကို မှန်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ပုလိပ်တပ်ဖွဲ့က ပုလိပ်အရာရှိတွေဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်မှုအရ ပြန်လည်ပစ်ခတ်ရတာ ဖြစ်တယ်ဆိုတာနဲ့ ပတ်သက်လို့ကတော့ ဒီထက်ပိုပြီး သက်သေ အထောက်အထား မပြသနိုင်ခဲ့ကြပါဘူး။ စွပ်စွဲချက်တွေအရတော့ ဒီလက်မရွံ့နှိမ်နင်းရေး အရပ်ဝတ်ပုလိပ်အဖွဲ့ရဲ့ နောက်ကွယ်မှာ တချို့ အမျိုးအမည် သတ်မှတ်လို့မရတဲ့ လူတွေရဲ့ သတ်ဖြတ်မှုတွေလည်း ရှိနေတယ်လို့ တွေ့ရပါတယ်။ ပြီးခဲ့တဲ့အပတ်က ဖွင့်ထုတ် ဖော်ပြမှုတခုမှာတော့ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင် တယောက်ကို တရားမဝင် ဆေးဝါးရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ မမှန်မကန် ဖော်ပြပြီး ဖမ်းဝရမ်းအတုတခုနဲ့ အဲဒီစီးပွားရေးလုပ်ငန်းရှင်ရဲ့ အိမ်ကို ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့အပြီး သူ့ကို ပြန်ပေးဆွဲသွားခဲ့ပြီး သေဆုံးတဲ့အထိ လည်ပင်းညှစ် သတ်ဖြတ်ပစ်ခဲ့တယ်ဆိုတာ တွေ့ရပါတယ်။ အဲဒါတွေကြောင့်ပဲ ပုလိပ်တပ်ဖွဲ့ရဲ့ လုပ်ရပ်တွေအပေါ်မှာ ပြည်သူလူထုက ပိုပြီး သံသယရှိလာနေခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက မူးယစ်ဆေးဝါး နှိမ်နင်းရေးမှာ သတ်ဖြတ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အထက်လွှတ်တော်ရဲ့ ကြားနာစစ်ဆေးမှု လုပ်လာတာကိုလည်း ဒူတာတေကို ထောက်ခံတဲ့ လွှတ်တော်အမတ်တွေက ရှောင်ရှားနိုင်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်ရေးကို အတိအလင်း ဝေဖန်ထောက်ပြနေတဲ့ အထက်လွှတ်တော်အမတ် လေလာဒီလီမာကိုလည်း စိတ်အနှောင့်အယှက်တွေ တောက်လျှောက်ပေးခဲ့သလို ခြိမ်းခြောက်မှုတွေလုပ်ပြီး ပျပ်ဝပ်သွားအောင် လုပ်ခဲ့တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။ သမ္မတ ဒူတာတေနဲ့ အစိုးရ အကြီးတန်းအရာရှိတွေက ဥပဒေပြုအမတ်တွေရဲ့ အဓိပ္ပာယ်ရှိပြီး စေ့စပ်သေချာတဲ့ စူးစမ်းမှုတွေကိုလည်း ရပ်တန့်သွားအောင် ပိတ်ဆို့ခဲ့တယ်လို့လည်း သိမီသူတွေက ပြောပါတယ်။ ဒါတင်မကဘဲ ဒူတာတေကို ထောက်ခံသူ အင်တာနက်သုံးစွဲသူတွေကလည်း စနစ်တကျပဲ မူးယစ်ဆေးဝါးနှိမ်နင်းမှု စစ်ဆင်ရေးရဲ့ တွေးခေါ်မှုပုံစံနဲ့ တရားဥပဒေနဲ့ ညီညွတ်မှု ရှိ၊ မရှိ မေးခွန်းထုတ်လာသူတွေကို ငြိမ်ကျသွားအောင် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ပေးပို့ အနှောင့်အယှက်ပြု ခြိမ်းခြောက်မှုတွေ စနစ်တကျ ပြုလုပ်ခဲ့တာတွေ တွေ့ရှိခဲ့ရတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ နောက်တခုက သမ္မတ ဒူတာတေက အဲဒီလို လူ့အခွင့်အရေးတွေကို ချိုးဖောက်ပြီး မူးယစ်ဆေးဝါးနှိမ်နင်းမှု အပြင်းအထန်လုပ်နေတဲ့ အချိန်မှာ ဂျပန်နိုင်ငံလို ဖိလစ်ပိုင်နဲ့ တရင်းတနှီး ဆက်ဆံရေးရှိနေတဲ့ နိုင်ငံလိုမျိုး နိုင်ငံတချို့က ဒီသွေးချောင်းစီး သတ်ဖြတ်နေတဲ့ ကိစ္စအပေါ် မျက်နှာလွှဲခဲပစ် လုပ်ခဲ့ကြတာလည်း တွေ့ရပါတယ်။ ကန့်ကွက်ဟန့််တား သတိပေးတာမျိုး မလုပ်ခဲ့ကြပါဘူး။ တကယ်တော့ ဒါဟာ ဒီမိုကရေစီနိုင်ငံတွေမှာ ထားရမယ့်၊ စောင့်ရှောက်ရမယ့် အခြေခံလူ့အခွင့်အရေး စံနှုန်းတွေကို ကိုယ်ကျိုးစီးပွား ပျက်မှာစိုးလို့ မျက်ကွယ်ပြုထားတဲ့သဘောပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ဖိလစ်ပိုင်ခရီးစဉ်အတွင်းမှာ ဖိလိပိုင်နိုင်ငံရဲ့ စီးပွားရေးနဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်အစိုးရရဲ့ နိုင်ငံရပ်ခြား ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပေးရေး အစီအစဉ်အရ အမေရိကန်ဒေါ်လာ သန်း ၈၀၀ အကူအညီပေးမယ်လို့ ကြေညာခဲ့တာ တွေ့ရပါတယ်။ တရားလက်လွတ် လုပ်ဆောင်နေတဲ့ အစိုးရတရပ်အောက်မှာ ရှိနေတဲ့ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့  သာမန် ပြည်သူလူထုအပေါ် စနစ်တကျ နှိပ်စက်ကလူလုပ်နေတဲ့ အစိုးရတရပ်ကို အဲဒီလိုလုပ်ရပ်ကို လျှော့ချရပ်ဆိုင်းဖို့ မက်လုံးပေး ကူညီထောက်ပံ့တာမျိုး ဆိုရင်တော့ လက်သင့်ခံနိုင်စရာ ရှိပေမယ့် အနိုင်ကျင့် နှိပ်စက်နေတဲ့ အစိုးရကို အားပေးအားမြှောက်လုပ်တဲ့ သဘောကတော့ လက်သင့်ခံနိုင်စရာ၊ အကောင်းပြောစရာ အကြောင်းမရှိပါဘူး။ ဂျပန်ဝန်ကြီးချုပ်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ပြန်လည်ထူထောင်ရေး စီမံချက်တွေကို ဘဏ္ဍာရေးအရ ကူညီပေးဖို့ ကတိပေး ပြောကြားခဲ့ပေမယ့် ဒူတာတေရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲ့ ကြမ်းတမ်းပြင်းထန်မှုကြောင့် ခံစားခဲ့ရသူတွေနဲ့ သူတို့တွေရဲ့ မိသားစုတွေအတွက်ကတော့ ဘာမှ ထည့်သွင်းပြောဆိုခဲ့တာ မရှိခဲ့တာကို တွေ့ရတဲ့အတွက် စိတ်မကောင်းဖြစ်စရာပါပဲ။ ဒါဟာ မဖြစ်သင့် မလုပ်သင့်တဲ့ ကိစ္စပါ။ ကျနော်တို့နိုင်ငံက နိုင်ငံလုံခြုံရေး အကြောင်းပြပြီး တိုင်းရင်းသားဒေသတွေမှာ မတရားတဲ့စစ်ပွဲတွေ ဆက်ပြီး ဆင်နွှဲနေတာကို မကန့်ကွက် မပြောဆို အားပေးနေတဲ့ ကိစ္စမျိုးနဲ့လည်း အတူတူပါပဲလို့ ပြောရမှာပါပဲ။ ဒီ ဖိလစ်ပိုင်သမ္မတ ဒူတာတေရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး အမည်ခံပြီး ဥပဒေမဲ့ သတ်ဖြတ်နေတာတွေကို ပြည်တွင်းကရော နိုင်ငံတကာကပါ တစုတစည်းတည်း ဆန့်ကျင်ကာကွယ် မပေးနိုင်သရွေ့ကတော့ သမ္မတ ဒူတာတေရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ဆင်ရေးတွေမှာ အသေအပျောက်ကတော့ ဆက်လက်မြင့်တက်လာနေလိမ့်ဦးမယ်လို့ ပြောရမှာပါပဲ။ ကျောင်းသားအရွယ်တွေ ပစ်သတ်ခံနေရတဲ့ကိစ္စမှာ ဒီစစ်ဆင်ရေးကို အုံကြွဆန့်ကျင်လာတဲ့ ပြည်သူလူထုကြီးရဲ့တိုက်ပွဲ အောင်မြင်ပါစေ၊ နိုင်ငံတကာရဲ့ ထောက်ခံမှု ရရှိပါစေလို့ပဲ ဆုတောင်းလိုက်ရပါတယ်။      စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024