Tuesday, May 30, 2023
HomeLead Storyရန်ကုန်-မန္တလေး လမ်းတွင် ပရဟိတအသင်းကား တိမ်းမှောက်၊ ၄ ဦးသေ

ရန်ကုန်-မန္တလေး လမ်းတွင် ပရဟိတအသင်းကား တိမ်းမှောက်၊ ၄ ဦးသေ

မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၂၆၁/၀ နဲ့ ၁ အကြား သြဂုတ် ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲက ချောက်မြို့ကနေ နေပြည်တော်ကို လူနာပို့လာတဲ့ ဥတ္တရလူငယ် ပရဟိတအသင်းကား တိမ်းမှောက်ပြီး ၄ ဦး သေဆုံးခဲ့ပါတယ်။

ဖြစ်စဉ်မှာ ချောက်မြို့ကနေ နေပြည်တော်ဆေးရုံကို ဆိုင်ကယ်မှောက်ပြီး ဒဏ်ရာရလူနာ လိုက်ပို့တဲ့ ဥတ္တရလူငယ် ပရဟိတအသင်းကားဟာ ယာဘက်နောက်ဘီး ကျွတ်ထွက်ပြီး ၂ ပတ်လည် တိမ်းမှောက်ခဲ့တာပါ။

ကားပေါ်လိုက်ပါသူ ၇ ဦးအနက် ယာဉ်မောင်း ကိုကျော်လင်း၊ ဦးကိုကိုလှိုင်၊ ဦးလင်းလင်းထွေးတို့ အခင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်။ ဆိုင်ကယ်မှောက်လို့ ဒဏ်ရာရလူနာ ဦးကိုကိုလတ်က မိတ္ထီလာဆေးရုံရောက်မှ သေဆုံးသွားခဲ့တယ်၊ ကျန် ၃ ဦးကတော့ ဆေးကုသနေတယ်လို့ ပေပင်လေးအမြန် လမ်းရဲစခန်းက ပြောပါတယ်။

စခန်းမှူးရဲအုပ် ကျော်မင်းစိုးက “သတင်းရရချင်း တပ်ဖွဲ့ဝင် ၁၅ ဦး အမြန်လမ်း မီးသတ်တပ် ဖွဲ့ဝင် ၅ ဦးတို့နဲ့ သွားခဲ့တယ်၊ မောင်းလာတဲ့အရှိန်က များလွန်းတယ်၊ ညာဘက်နောက်ဘီး ကျွတ်သွားတော့ မထိန်းနိုင်တော့ဘူးပေါ့၊ ၂ ပတ်လောက် လည်သွားပြီး မှောက်တယ်။ ယာဉ်မောင်းပါ ၃ ဦးကတော့ နေရာတင် သေဆုံးတယ်။ ဦးကိုကိုလတ်ကတော့ ညောင်တုန်း ဆေးရုံကနေ မိတ္ထီလာဆေးရုံပြောင်းကုတယ်၊ မိတ္ထီလာဆေးရုံမှာ ညနေ ၅ နာရီလောက် သေဆုံးသွားတယ်။ ဦးဝင်းကိုက မိတ္ထီလာ ဆေးရုံ ဦးအောင်မိုးနဲ့ခက်ကိုကိုက ညောင်တုန်း ဆေးရုံမှာ ဆေးကုနေပါတယ်၊ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။

ပေပင်လေး အမြန်လမ်းရဲစခန်းက ယာဉ်မောင်း ကျော်လင်းကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု၊ သာမန်ပြင်းထန် ဒဏ်ရာရစေမှု ရာဇသတ်ကြီး ပုဒ်မ-၃၀၄(က)/၃၃၇/၃၃၈ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

RELATED ARTICLES
- Advertisment -
Google search engine

Most Popular