Home
မြန်မာသတင်း
ဘက်မလိုက်ဖို့ အားလုံး ညွှန်ကြားထားပြီးပြီ
ရွှေအောင်
·
March 15, 2012
လာမယ့် ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲ လွတ်လပ် တရားမျှတမှု ရှိအောင် ကြိုတင် ပြင်ဆင်နေမှုတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို ကို ဆက်သွယ် မေးမြန်းထားပါတယ်။ [caption id="attachment_22586" align="alignleft" width="300" caption="ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို "][/caption] ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို ခင်မျ ရန်ကုန်တိုင်းထဲမှာ ရှိတဲ့ ရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက် ပွဲ ဖြစ်အောင် ဘယ်အပိုင်းတွေ မှာ ဘယ်လို  ပြင်ဆင် ထားပါသလဲ။ “ပထမ တပိုင်းကတော့ မဲစာရင်းတွေကို အတတ်နိုင် ဆုံး မှန်ကန်အောင် လုပ်ပေး ထားတယ်။ နိုင်ငံရေး ပါတီတွေ၊ မဲဆန္ဒရှင်တွေ တောင်းဆို တာတွေ။ သူတို့ ဖြည့်စွက်ပေးဖို့ တောင်းဆို လာ တာတွေ၊ ပြင်ဆင်ပေးဖို့ တောင်းဆိုတာတွေ ရယ်။ မဲစာရင်းမှာ မပါသင့်ဘူး ဆိုပြီးတော့ ကန့်ကွက် တာတွေ အဲဒါတွေ အားလုံး ကို သေသေ ချာချာ ပြန်လည် စိစစ်ပြီးတော့ ဥပဒေနဲ့ အညီ ဖြစ်အောင် မဲစာရင်းမှာ ပြန်ဖြည့် ပေးထားတယ်။ ဒါက မဲစာရင်းနဲ့ ပတ်သက်လို့ပေါ့။ နောက်တခါ မဲစာရင်းပြီးပြီ ဆိုတဲ့အခါကျတော့ အများစိတ်ဝင်စားတဲ့ ကြိုတင်မဲပေါ့နော်။ တကယ် မဲမပေးခင် ကြိုတင်မဲ လုပ်ငန်း လာမှာပါ။ လုပ်ငန်း ၃ ပိုင်း ပိုင်းလိုက်ရင် မဲစာရင်း ပြုစုတဲ့ အပိုင်းက အခုန အန်ကယ် ပြောပြီးပြီ။ နောက် ကြိုတင်မဲ အပိုင်းဖြစ်မယ်။ ကြိုတင်မဲအပိုင်းမှာလည်း  အန်ကယ်တို့အနေဖြင့် ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲက ဆောင်ရွက်ရတဲ့ ကြိုတင်မဲနဲ့ ပတ်သက်လို့ ရှိရင် နည်းလမ်း အမျိုးမျိုးနဲ့ ထိန်းချုပ်ပြီးတော့ တရားမျှတမှု ရှိအောင် အန်ကယ်တို့ ဆောင်ရွက်ထားတယ်။ နံပါတ် ၁ က ရပ်ကွက် ကြိုတင်မဲ ပေးရမယ့် ရက်နဲ့ အချိန်ကို သတ်မှတ်ပေးထားတယ်။ အဲဒီရက်နဲ့ ဒီအချိန်ထဲမှာ မဲပေးရမယ်။ နောက် ရပ်ကွက်ကြိုတင်မဲ ပေးရမယ့် နေရာကိုလည်း သတ်မှတ် ထားတယ်။ အဲဒီ့ နေရာမှာပဲ ပေးရမယ်။ ပြီးတော့ ရပ်ကွက်ကြိုတင်မဲ လက်မှတ်တွေကို သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာကော်မရှင် အဖွဲ့ခွဲတွေကို ထုတ်ပေးတဲ့အခါမှာ အကြာကြီး အကန့်အသတ် မရှိ အစောကြီး ကြိုထုတ် မပေးတော့ဘဲနဲ့ နီးမှ ကပ်ပြီးတော့ ထုတ်ပေးတဲ့ စနစ်ကို ကျင့်သုံးပါတယ်။ ဒီ မဲလက်မှတ် ထုတ်ပေးတဲ့နည်းနဲ့ ကန့်သတ်ထားတာလည်း ရှိတယ်။ နောက်ပြီးတော့ ရပ်/ကျေး ကြိုတင်မဲတွေ အားလုံး ပေးပြီးပြီဆိုတဲ့ အခါကျတော့ မဲရုံကိုသွားပြီး ပို့တဲ့အခါမှာ အချိန်နဲ့ ကန့်သတ်ပေးထားသလို ထိန်းချုပ်ထားတယ်။ ဒါက ဘာလဲဆိုတော့ မဲရုံဖွင့်ချိန် မနက် ၆ နာရီ ထိုးပြီးမှ ရောက်လာတဲ့ ရပ်ကွက် ကြိုတင်မဲဆိုရင် အန်ကယ်တို့ လက်မခံတော့ဘူး။ မဲရုံမဖွင့်ခင် ကြိုပို့မှ လက်ခံမယ်။ အဲဒီလို ပေးထားတဲ့ ကြိုတင်မဲတွေ မဲရုံပို့တဲ့ အချိန်နဲ့လည်း အန်ကယ်တို့ ထိန်းချုပ် ထားတယ်။ နောက်ပြီးတော့ ရပ်ကွက် ကြိုတင်မဲ ပေးတဲ့အခါကျတော့ အန်ကယ်တို့ ပုံစံ ၁၃ နဲ့ မဲစာရင်း ပြုစုရတယ်။ ကြိုတင်မဲစာရင်း သီးသန့် ပြုစုရပါတယ်။ အဲဒီ ကြိုတင်မဲကိုလည်းပဲ မဲစာရင်း ပေးပြီးတိုင်း တနေ့ တနေ့ ကုန်ဆုံးလို့ ရပ်ကွက်ကြိုတင် မဲ ပေးပြီး တိုင်း၊ ပေးပြီး တိုင်း အဲဒီမဲစာရင်းကို အန်ကယ်တို့က စစ်ဆေးမယ်။ ရပ်ကွက်ကြိုတင်မဲ ပေးခွင့် ရှိတဲ့ သူတွေ၊ ပေးခွင့်ရှိတဲ့ အမျိုးအစားတွေ သေချာသလား၊ ပေးခွင့် မရှိတဲ့ အမျိုးအစားတွေ ပါနေသလား ဆိုတာကို အန်ကယ်တို့ စစ်မယ်။ ရပ်ကွက် ကြိုတင်မဲ ပေးခွင့် မရှိတဲ့ အမျိုးအစားတွေ ပါနေလို့ ရှိရင် အန်ကယ်တို့က အဲဒီမဲကို ပယ်မဲ လုပ်ပစ်လိုက်မယ် လက်မခံဘူး။ အဲဒီ့လို နည်းတွေနဲ့ပေါ။ သေသေချာချာ ကြီးကြပ် ထိန်းချုပ်ပြီး လုပ်ထားခြင်းအားဖြင့် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ အန်ကယ်တို့ ယုံကြည်တယ်။ အတတ်နိုင်ဆုံး အန်ကယ်တို့ လုပ်ထားတယ် ပေါ့နော်။” အစောပိုင်းတုန်းက တင်ပြသွားတဲ့ အထဲမှာပါတဲ့ မဲစာရင်း ပြဿနာတွေပေါ့။ အခုတလော ပါတီ ကိုယ်စားလှယ်လောင်းတွေ ကလည်း သူတို့ စည်းရုံးရေး ဆင်းတဲ့အခါမှာ မဲစာရင်းတွေ မှားနေတာတွေ တွေ့ရတယ် ဆိုပြီး သူတို့ တိုင်ကြားချက်တွေ တက်တာ၊ တင်တာ ကြားရပါတယ်။ အန်ကယ်တို့လည်း ဖြေရှင်းပေးနေတယ်လို့ ကြားရပါတယ်။ ကျနော် သိထားသလောက် ရန်ကုန်တိုင်းမှာက မဲဆန္ဒနယ် ၆ ခု ရှိပါတယ်။ အဲဒီမှာ မဲဆန္ဒနယ် တနယ် တနယ်ကို အနည်းဆုံး ၇ သောင်းခွဲ လောက်ကနေ ၁ သိန်းခွဲ လောက် ထိအောင် ရှိတဲ့ မြို့နယ်တွေ တွေ့ရပါတယ်။ အဲဒီတော့ လူဦးရေများတဲ့ နေရာတွေမှာ မဲစာရင်းပြဿနာကို အခုကျန်ခဲ့တဲ့ ရက်ပေါင်း ၂၀ လောက် အတွင်းမှာ အချိန်မီ ဖြေရှင်း နိုင်ပါ့ မလား။ “အန်ကယ်တို့ အခု တော်တော် များများ ဖြေရှင်းပြီးပါပြီ။ အန်ကယ်တို့ မဲစာရင်း ကြေညာတာက ၂၉ ရက် နေ့က ကြေညာတယ်လေ။ အဲဒီ ဖေဖော်ဝါရီ ၂၉ ရက် ကနေ ပြီးတော့ မတ် ၆ရက် နေ့ အထိဆိုရင် ၇ ရက်ပြည့်တယ်။ အဲဒီ ရက်အတွင်းမှာ သက်ဆိုင်ရာ မဲဆန္ဒရှင်တွေ နောက် မိမိတို့ စည်းရုံးထားတဲ့ လူတွေ ပါ၊ မပါ သက်ဆိုင်ရာ ပါတီတွေကနေပြီးတော့ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲကို သူတို့ လာပြီး ပြောရပါမယ်။ အစီရင်ခံတာ လုပ်ရပါမယ်။ အဲဒီလို လုပ်လို့ရှိရင် အန်ကယ်တို့ အဲဒါကို စိစစ်ပြီးတော့ ထည့်ပေးသင့်ရင် ထည့်ပေးပါတယ်။ နောက် သူတို့က ပြင်ဆင်ခိုင်းတာ ဆိုရင်လည်း ပြင်ဆင်သင့် ရင် ပြင်ဆင်ပေး ပါတယ်။ ဒီ ၇ ရက် အတွင်းမှာ အလုပ် လုပ်မယ် ဆိုလို့ ရှိရင် ဘာမှ မခက်ခဲပါဘူး။ ဥပမာ-အန်ကယ်တခု ပြောပြမယ်။ မရမ်းကုန်းမြို့နယ်မှာ ၂၉ ရက်နေ့ က ပြည်ခိုင်ဖြိုးပါတီ ကနေပြီးတော့ သူတို့ စည်းရုံးထားတဲ့လူတွေ မူလ မဲစာရင်းမှာတုန်းက ပါပြီးတော့ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ ပါမလာတဲ့ လူတွေ ရှိပါတယ် ဆိုပြီးတော့ အဲဒီ မဲစာရင်း ကပ်တဲ့ နေ့မှာပဲ သူတို့ လာပြီးတော့ သတင်းပို့တယ်။ သတင်းပို့တော့ အန်ကယ်တို့ နောက် တရက်မှာ ချက်ချင်း အစည်းအဝေးထိုင်၊ ချက်ချင်းပြန်စစ်ပြီးတော့ အန်ကယ် တို့ ဆောင်ရွက်ပေးလိုက်တာ ကျန်ရစ်ခဲ့တဲ့ လူ သောင်းနဲ့ ချီပြီးတော့ အန်ကယ်တို့ ဒီ ၇ ရက် အတွင်းမှာ အားလုံး လုပ်ပေးလိုက် ပါတယ်။ အလားတူပဲ ကော့မှူးဘက်မှာ ဆိုလိုရှိရင်လည်း အန်အယ်လ်ဒီက နေပြီးတော့ သူတို့ မဲတွေ ကျန်ရစ်ခဲ့ပါတယ်။ သူတို့ စည်းရုံးထားတဲ့ လူတွေ မဲစာရင်းမှာ မပါ ပါဘူး ဆိုပြီး မြို့နယ် ကော်မရှင်ကို သူတို့ တင်ပြထားတယ်။  တင်ပြတဲ့ အတွက် မြို့နယ်ကော်မရှင်က အန်ကယ်ဆီ ထပ်သတင်းပို့တော့ အန်ကယ်တို့ ဒါကို စိစစ်ပြီး သေချာ စစ်ဆေးပြီးတော့ လုပ်ပေးခိုင်းတဲ့အခါမှာ ၂၀၀၀ နီးပါးလောက် သူတို့ ပြန်ထည့်ပေး လိုက်ပါတယ်။ မင်္ဂလာတောင်ညွန့်မှာ ဆိုလို့ရင်လည်းပဲ သူတို့ ကျန်ရစ်ခဲ့တယ် ဆိုပြီးတော့ ပြောတာတွေ အားလုံး အန်ကယ်တို့ ထောင်နဲ့ချီပြီးတော့ အန်ကယ်တို့ ပြန်ထည့်ပေး လိုက်ပါတယ်။ ဒီမြို့နယ် ၆ ခုမှာ အန်ကယ်တို့ ထည့်ပေးနိုင် သလောက် အားလုံး ထည့်ပေးပြီးပါပြီ။ အားလုံးပေါင်းလိုက်လို့ရှိရင် အန်ကယ်တို့ ဖြည့်ပေးလိုက်တာ ဒီ မဲဆန္ဒနယ် ၆ ခု ပေါင်း ဆိုရင် ၃ သောင်းနဲ့ ၄ သောင်း ကြားထဲမှာ ရှိပါလိမ့်မယ်။ ဒါတွေ အားလုံးကို ၇ ရက် အတွင်းမှာ အန်ကယ်တို့ လုပ်ပြီးသွားပြီ။ ကျန်တာကတော့ မပြောပလောက်တော့ပါဘူး။ ကျန်တာရှိရင်လည်း အန်ကယ်တို့ ပုံစံ ၃၊ ပုံစံ ၄ နဲ့တော့ အန်ကယ်တို့ လုပ်ပေးလို့ မရတော့ပါဘူး။ သူက ၇ ရက်ကျော် သွားတဲ့အတွက် ဒါကို အန်ကယ်တို့ လုပ်ပေးလို့ မရတော့ဘူး။ သို့သော် ကော်မရှင် ဥပဒေမှာ နည်းဥပဒေ ၁၄(က) အရ ခရိုင်ကော်မရှင် အဖွဲ့ခွဲကနေပြီးတော့ ဖြည့်ပေးနိုင်တဲ့ နည်းလမ်းတခု ကျန်ပါသေးတယ်။ တကယ်လို့ ကောက်သင်းကောက် ကျန်နေသေးတယ် ဆိုလို့ရှိရင် ခရိုင်ကော်မရှင်ကို ထပ်ပြီးတော့ ပြောနိုင်ပါသေးတယ်။ ဒါကတော့ ရွေးကောက်ပွဲ မတိုင်ခင် ၇ ရက်အလို မတ်လ ၂၄ ရက်နေ့အထိ ဒါကို လုပ်ခွင့်ရှိပါတယ်။ ဒါကြောင့် ရပ်ကွက် နဲ့ ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲ အနေနဲ့ မဲစာရင်းမှာ ထပ်ပြီးတော့ ဖြည့်ပေးဖို့ သူတို့ လုပ်မပေး နိုင်တော့ပေမဲ့ ခရိုင်ကော်မရှင် အဖွဲ့ခွဲအနေနဲ့ နည်းဥပဒေ ၁၄(က) အရ လုပ်ပေးလို့ ရပါတယ်။ ၂၄ ရက် နေ့ အထိဘဲ။ ရွေးကောက်ပွဲ မတိုင်ခင် ၁ ပတ် အလိုထိ လုပ်ပေးလို့ ရပါတယ်။ အဲဒီနည်းမျိုးနဲ့ ဖြေရှင်းရင် ဘာမှ မပြေလည်စရာ အကြောင်း မရှိပါဘူး။” ဒီလောက် သောင်းနဲ့ချီပြီးတော့တောင် မဲစာရင်းတွေ ကွာဟတာက ဘာကြောင့် ပါလဲ၊ ပြောပြပေးနိုင် မလား။ “ဒါက ဒီလိုရှိတယ်။ အန်ကယ်တို့ ဥပဒေ ရှိပါတယ်။ ဘာလဲ ဆိုတော့ ရွေးကောက်ပွဲကြီး ကာလ တခု အတွင်းမှာ အကြောင်းကြောင်း ကြောင့် ကြားဖြတ်ရွေးကောက်ပွဲ တခု လုပ်မယ် ဆိုရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲရဲ့ မူလ မဲစာရင်းကို အခြေခံပြီးတော့ မှ ဖြည့်သင့်တာ ကိုဖြည့် နှုတ်ပယ်သင့် တာ နှုတ် လုပ်ရမယ်လို့ ဥပဒေမှာ ပြဌာန်းထားတယ်။ ဥပဒေ အတိုင်း မြို့နယ်၊ ရပ်/ကျေး ကော်မရှင်တွေက ဆောင်ရွက်ကြတဲ့ အခါမှာ တချို့က အဓိပ္ပာယ် အယူအဆ လွဲမှားသွားတယ်။ အဓိပ္ပာယ် အယူအဆ လွဲမှားသွားတယ် ဆိုတာက မှတ်ပုံတင်တို့ ဘာတို့မှာ အဓိပ္ပာယ် အယူအဆ လွဲမှားပြီးတော့ မူလ မဲစာရင်းမှာ ပါနေတဲ့ သူတွေကို သူတို့က ထားခဲ့တယ်။ ထားခဲ့တဲ့အတွက် တော်တော်များများလေး ကျန်ရစ်ခဲ့တယ် ဆိုတာကို တွေ့ရတယ်။ အန်ကယ်တို့ ရပ်/ကျေးကော်မရှင်တွေရဲ့ ဥပဒေ အပေါ်မှာ အဓိပ္ပာယ်ကောက် လွဲမှားမှုကြောင့် ကျန်ရစ်ခဲ့တာ ဖြစ်တယ်။ အဲဒီ နည်းမျိုးနဲ့လည်း ကျန်ရစ်ခဲ့ပါတယ်။ ဒါတွေကိုလည်း ပြင်ပြီး ပါပြီ။ နောက်တခုက ဘယ်လို ဖြစ်နိုင်သေးလဲဆိုတော့ ပြီးခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်းမှာလည်း သူတို့ မပါဘူး။ သို့သော် ဒီမဲဆန္ဒနယ်မှာတော့ သူတို့နေတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ မူလ မဲစာရင်းမှာ သူတို့ မပါဘူး။ မဲပေးရကောင်းမှန်းလည်း မသိဘူး။ မဲမပေးရလည်းပဲ ကိစ္စမရှိဘူး။ အဲဒီလို လူမျိုးတွေ ရှိတယ်။ အဲဒီလူတွေက ရန်ကုန်မြို့ပေါ်မှာ လာပြီးတော့မှ ကျပန်း အလုပ်တွေ လုပ်နေတဲ့ လူတွေက အများကြီး ရှိပါတယ်။ အဲဒီလူတွေက ရန်ကုန်မြို့ပေါ်မှာ ကျူးကျော် ရပ်ကွက်တွေ ဘာတွေမှာ ၊ နောက် ဆောက်လုပ်ရေး ဆိုက်တွေ ဘာတွေမှာ လာလုပ်နေတဲ့ လူတွေ ရှိပါတယ်။ အထွေထွေ ရွေးကောက်ပွဲတုန်းက တော်တော်များများသော ပါတီတွေကလည်း ဒီလို လူတွေကို မရှာတတ်ကြဘူးပေါ့။ အခု ကြားဖြတ်ရွေးကောက်ပွဲကျတော့ မဲဆန္ဒနယ်ကလည်း နည်းတယ်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း နိုင်ငံရေး ပါတီတွေကိုပါ ကိုယ်စည်းရုံးထားတဲ့ လူတွေ မဲစာရင်းမှာ ပါ၊ မပါ ကြည့်ပါ ဆိုပြီး တော့ ပြောတယ်။ ပြောလာတဲ့ အခါကျတော့ ဘာသွားတွေ့လဲ ဆိုတော့ ဥပမာ-ကော့မှူးတို့ ဘာတို့ပေါ့။ ရန်ကုန်အပြင်ဘက်က မြို့နယ်တွေမှာ ဆိုရင် သူတို့ မြို့နယ်တွေမှာ အနေပြရုံလေးပဲ ပြထားတာ။ အိမ်တွေမှာ တကယ်တော့ မရှိဘူး။ သူတို့က ရန်ကုန်မြို့ပေါ် တက်ပြီး အခြားနေရာတွေမှာ သွားပြီး အလုပ် လုပ်နေကြတာ။ ဒါပေမဲ့ သူတို့ရဲ့ အိမ်တွေကတော့ သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ ရှိတယ်။ အဲဒီ့လူတွေ အများကြီးကို စုပြီးတော့မှ ခေါ်လာတယ်။ ခေါ်လာပြီးတော့မှ မဲစာရင်း မပါဘူးဆိုပြီး တိုင်တန်းချက် တက်တာတွေလည်း ရှိတယ်။ တကယ်က သူတို့က နေတာကတော့ အဲဒီ မဲဆန္ဒနယ်ထဲမှာ မှန်တယ်။ ဒါပေမဲ့ သူတို့ အသိနဲ့ သူတို့ လာတာမဟုတ်ဘူး။ ခုနလို ပါတီတွေ စည်းရုံးပြီးတော့ ရန်ကုန်မြို့ပေါ်က လူတွေကို ခေါ်ပြီးတော့မှ ဒီမှာ ရောက်နေတဲ့လူပေါ့။ ရန်ကုန်မြို့မှာ အလုပ် လုပ်ဖို့ ရောက်နေတဲ့ လူတွေ အများကြီးကို ခေါ်ပြီးတော့မှ သက်ဆိုင်ရာ သူတို့ မွေးမြေရပ်ကို ပြန်ပြီးတော့မှ မဲစာရင်း ထည့်ခိုင်းတာလည်း ရှိတယ်။ ဒီလိုမျိုး မဲစာရင်းမှာ အများကြီး ကွာဟတယ် လို့ ဖြစ်သွားတာ။ သူတို့က မူလ မဲစာရင်းမှာကိုက မပါဘူး။ သို့သော် အန်ကယ်တို့ စိစစ်ပြီးတော့ ထည့်ပေးသင့်တယ် ဆိုလို့ရှိရင် အဲဒါလည်း ထည့်ပေးလိုက်ပါတယ်။ နောက်တခုကလည်းပဲ သက်ဆိုင်ရာ အစိုးရဌာနတွေ အပါအ၀င် တချို့ စက်ရုံတို့ ဘာတို့ အဲဒါမျိုးလေးတွေ တချို့ အနည်းအကျဉ်း ရှိပါတယ်။ အန်ကယ်တို့ မဲစာရင်း ကောက်တုန်းက သက်ဆိုင်ရာ ဌာနအကြီးအမှူးတွေက မဲစာရင်း မပေးလိုက်ဘူး ကျန်ရစ်ခဲ့တယ်။ ဒါပေမဲ့ အခုလို နီးတဲ့အခါ ကျမှ သူတို့ကလည်း မဲစာရင်း ကြေညာပြီးပြီ။ ၇ ရက်ကျော်ပြီး ဆိုတော့မှ သူတို့လည်း မဲစာရင်း မထည့်ရသေးပါဘူး ဆိုပြီး ဒါ ဌာန ဆိုင်ရာတွေရဲ့ အားနည်းချက် တွေလည်း ရှိတယ်။ အဲဒါကတော့ သိပ်မများဘူး။ အဲဒါက ၉၀၊ ၁၀၀ လောက်ပဲ ရှိတယ်။ အန်ကယ်တို့က ပြန်ထည့်ပေးရပါတယ်။ အဲဒီလို အကြောင်းမျိုးစုံ ကြောင့်မို့လို့ ဒီလောက် ကွာဟသွားတယ်လို့ ဖြေချင်ပါတယ်။” ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားတဲ့ စည်းမျဉ်း ဥပဒေတွေနဲ့ အညီ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်အဆင့်တွေမှာ ကျတော့ မကျင့်သုံးသွားဘူး။ မကျင့်သုံးတဲ့ အတွက်ကြောင့် ၂၀၁၀ ရွေးကောက်ပွဲမှာ မလိုလားအပ်တဲ့ ကြိုတင်မဲကိစ္စတွေ ဖြစ်ပေါ်ခဲ့တယ် ဆိုပြီး တချို့ ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီတွေက ပြောတာရှိပါတယ်။ ဒီ ကြားဖြတ်ရွေးကောက်ပွဲမှာရော နေပြည်တော် ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့ ဥပဒေစည်းမျဉ်း စည်းကမ်းအတိုင်း ရပ်/ကျေးတွေက လိုက်နာ ကျင့်သုံးအောင် အန်ကယ်တို့ ဆောင်ရွက် ထားရှိမှု အပိုင်းပေါ့။ အဲဒါလေးကို တင်ပြ၊ ပြောပြပေးပါလား။ “ဒီပြင် ပြည်နယ်၊တိုင်းတွေတော့ အန်ကယ်မပြောတတ်ဘူး။ ရန်ကုန်တိုင်းဒေသကြီး ထဲမှာတော့ အန်ကယ်ကိုယ်တိုင် မဲဆန္ဒနယ် ၆ ခုကို ပထမအကြိမ် ကွင်းဆင်းပြီး မြို့နယ် ကော်မရှင်အဖွဲ့ခွဲ၊ ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲ ၀င်တွေရော  အစောပိုင်းက တကြိမ် တွေ့ပြီးပါပြီ။ အခု လောလောဆယ် ဒီနေ့က စပြီးတော့ ဒုတိယ အကြိမ် အန်ကယ် ကွင်းဆင်းနေပါတယ်။ ဥပဒေအတိုင်း လုပ်ဖို့၊ ဘက်မလိုက်ဖို့ အန်ကယ် အားလုံး ညွန်ကြားထားပြီးပြီး။ မဲရုံမှူးတွေ အတွက်တော့  အန်ကယ်တို့ တကြိမ် ကွင်းဆင်းပြီး ပါပြီ။ ခဏ ခဏ ကွင်းဆင်းလို့ မရဘူး။ သူတို့က များသောအားဖြင့် ပညာရေးဝန်ထမ်းတွေ များတယ်။ အခု ၁၀ တန်း စာမေးပွဲတွေကလည်း လုပ်နေပြီး ဆိုတော့ သူတို့ အားတဲ့အချိန်မှပဲ အန်ကယ်တို့က ကွင်းဆင်းရတယ်လေ။ အဲဒီတော့ မဲရုံမှူးတွေနဲ့ ပတ်သက်လို့ကတော့ သင်တန်းတွေလည်း တကြိမ်စီတော့ ပေးပြီးပါပြီ။ သူတို့နဲ့လည်း အန်ကယ် ထိတွေ့ပြီးပါပြီ။ အဲဒီလိုမျိုးလည်း အန်ကယ်တို့ လုပ်ထားပါတယ်။ လုပ်ထားခြင်း အားဖြင့် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့၊ ကော်မရှင်နဲ့ ပတ်သက်တဲ့ ဥပဒေ၊ နည်းဥပဒေ လုပ်ငန်း လမ်းစဉ်၊ နောက် ညွှန်ကြားချက်တွေ အတိုင်း လိုက်နာဆောင်ရွက်ဖို့ အတွက် မောင်းနှင်ပေးနေပါတယ်လို့ အန်ကယ် ဖြေချင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024