မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပြင်သစ်လီဂူး အမှတ်ပေးလိဂ်ပွဲစဉ်မှာ နာမည်ကြီး ပီအက်စ်ဂျီအသင်းက စိန့်အက်ဒီရန်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
ပီအက်စ်ဂျီအတွက်တော့ အမှတ်ပေးလိဂ်မှာ ၄ ပွဲဆက်တိုက် အနိုင်ရတာပါ။ ဒီပွဲမှာ ပီအက်စ်ဂျီက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး နေမာ အပါအ၀င် လူစုံထုတ် ယှဉ်ပြိုင်သွားပါတယ်။
ပီအက်စ်ဂျီအတွက် ဦးဆောင်ဂိုးကို မိနစ် ၂၀ မှာ တဖက် ကစားသမားရဲ့ ဖျက်ထုတ်မှုကြောင့် ရတဲ့ ပင်နယ်တီကနေ တဆင့် တိုက်စစ်မှူး ကာဗာနီက သွင်းယူပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ထိန်းချုပ် ကစားနိုင်ပေမယ့်လည်း စိန့်အက်ဒီရန်အသင်းက အပြန်အလှန် တိုက်စစ်ဆင် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။
ဒုတိယဂိုးကို ၅၁ မိနစ်မှာ ကွင်းလယ်သမား မော်တာက သွင်းယူပါတယ်။ အပိတ်ဂိုးကိုတော့ ပွဲပြီးကာနီးမှာ တိုက်စစ်မှူး ကာဗာနီကပဲ သွင်းယူပါတယ်။
ဒီပွဲမှာ နာမည်ကြီး တိုက်စစ်မှူး နေမာ ဂိုးသွင်းယူနိုင်ခြင်းတော့ မရှိပါဘူး။ နိုင်ပွဲဆက်တဲ့ ပီအက်စ်ဂျီက ၁၂ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။