Home
မြန်မာသတင်း
၂၀၁၇ ခုနှစ်တွင်း ရခိုင်အကြမ်းဖက်ဖြစ်စဉ်များတွင် အမှုပေါင်း ၄၆၆ မှု ဖမ်းဆီးအရေးယူခဲ့
နေဖြိုးဝင်း
·
August 24, 2017
  ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်တွေနဲ့ ဆက်စပ်ဖြစ်စဉ်တွေကြောင့် ၂၀၁၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း အမှုပေါင်း ၄၆၆ မှု ဖမ်းဆီးအရေးယူခဲ့တယ်လို့ ပြည်ထဲရေး ဒုဝန်ကြီးက ပြောပါတယ်။ သြဂုတ် ၂၄ ရက်အမျိုးသားလွှတ်တော်မှာ ရခိုင်ပြည်နယ်မဲဆန္ဒနယ်က ဦးကျော်သိန်းရဲ့ ရခိုင်ပြည်နယ် မေယုမြစ် အနောက်ဘက်ခြမ်းနဲ့ နတ်မြစ်အရှေ့ဘက်ခြမ်း နယ်မြေအတွင်း အတည်တကျနေထိုင်နေကြတဲ့ ရခိုင်၊ ခမွီး၊ ဒိုင်းနက်၊ မြို၊ သက်၊ မကမာကြီး၊ ကမန် စတဲ့ ရခိုင်မျိုးနွယ်စုတိုင်းရင်းသားလူနည်းစုတွေကို ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့က ရပ်ရွာလူ့အဖွဲ့အစည်းလုံခြုံရေး ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ဖြေဆိုတာပါ။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင် မြို့နယ် တို့မှာ နယ်စပ်ကနေ တရားမ၀င် ၀င်ရောက်တာမရှိစေဖို့ နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး တို့အတွက် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ အမှတ် ၁ နယ်ခြားစောင့် ရဲကွပ်ကဲအဖွဲ့ကို ဖွဲ့ပြီး အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့နဲ့ ပေါင်းစပ်ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။ အမှတ် ၁ နယ်ခြားစောင့်ကွပ်ကဲအဖွဲ့ဟာ မေယုမြစ်အနောက်ဖက်ခြမ်းနဲ့ နတ်မြစ်အရှေ့ဘက်ခြမ်း ဖြစ်တဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ ဒေသ ၄ ခု၊ နယ်မြေ ၁၁ ခု သတ်မှတ်ပြီး နယ်မြေရုံး ၁၁ ရုံး၊ နယ်မြေရဲစခန်း ၁၂ ခု၊ ကင်းစခန်း ၉၅ ခု၊ ချောင်းဝကင်းစခန်း ၂၇ ခု၊ နယ်စပ်ခြံစည်းရိုးကင်းစခန်း ၁၂ ခု၊ စုစု ပေါင်း ၁၅၇ နေရာဖြန့်ကျက်ပြီး လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးတာဝန်များ ဆောင်ရွက်လျက်ရှိသလို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပြီးတဲ့နောက်မှာ လိုအပ်တဲ့နေရာတွေမှာ ကင်းစခန်း ၃၄ ခုကိုလည်း ထပ်ဖွင့်ပြီး ပြည်မမှာ တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ခွဲ ၃ ခုကိုလည်း ထပ်မံအင်အားဖြည့်တင်းပေးခဲ့တယ်လို့ ပြောပါတယ်။ ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက“အကြမ်းဖက်ဖြစ်စဉ်တွေနဲ့ ဆက်စပ်တဲ့ ဖြစ်စဉ်ကြောင့် တရားဥပဒေစိုးမိုးရေးနှင့် ထိရောက်တဲ့ ပြစ်ဒဏ်ရရှိစေဖို့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ထိ စုစုပေါင်း ၄၆၆ မှု ဖမ်းဆီး အမှုဖွင့် အရေးယူခဲ့တဲ့အခါမှာ တရားရုံးအသီးသီးက ပြစ်ဒဏ်ချမှတ်ပြီး ၁၁၆ မှု၊ တရားရုံးစစ်ဆေးဆဲ ၁၄၇ မှု၊ ရဲ စစ်ဆေးဆဲ ၁၈၀ မှုနဲ့ ပိတ်သိမ်းမှု ၂၃ မှု ဆောင်ရွက်ထားပြီးဖြစ်ပါတယ်” လို့ ဆိုပါတယ်။ အမှတ် ၁ နယ်ခြားစောင့် ကွပ်ကဲမှုအဖွဲ့တာဝန်ယူရတဲ့ နယ်မြေအတွင်းမှာ တိုင်းရင်းသားကျေးရွာ ၃၄၉ ရွာအနက် တိုင်းရင်းသား ၈၀ မှာ နယ်မြေရုံး၊ ရဲစခန်း၊ ရဲကင်းတွေ ဖွင့်ပြီး လုံခြုံရေး တာဝန်တွေ ထမ်းဆောင်နေတယ်လို့သိရပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လ ၃ ရက်နေ့မှာ ကိုင်းကြီးကျေးရွာ ဖြစ်စဉ်ပြီးတဲ့နောက် ရဲကင်းစခန်းတွေ ထပ်မံတိုးချဲ့ဖွင့်ပြီး အခင်းဖြစ်ကျေးရွာပတ်ဝန်းကျင်ရှိ တိုင်းရင်းသားကျေးရွာတွေ အနီးတစ်ဝိုက်မှာ ရဲတပ်ဖွဲ့ဝင်တွေကို တပ်မတော်နဲ့ ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဒုဝန်ကြီးက လွှတ်တော်မှာ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024