Live
Home
မြန်မာသတင်း
ရှမ်းပြည်​နယ်​တွင် တ​ရက်​တည်း ကျပ်​သိန်း ၃ သောင်း ၇ ထောင်​တန်​ဖိုးရှိ မူးယစ်​​ဆေးဝါးများ ဖမ်းမိ
DVB
·
August 24, 2017
ရှမ်းပြည်နယ် ကျိုင်းတုံနဲ့ တာချီလိတ်မြို့နယ်တွေမှာ သြဂုတ်လ ၂၃ ရက် တရက်တည်း ကျပ်သိန်း ၃ သောင်း ၇ ထောင်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ အမှတ် ၂၈ မူးယစ်တပ်ဖွဲ့စုနဲ့ ပူးပါင်းအဖွဲ့က သြဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ကျိုင်းတုံမြို့ နောင်ဖာရဲကင်းအနီးမှာ ကျပ်သိန်းတစ်သောင်း တန်ဖိုးရှိ ICE မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရပါတယ်။ ကျိုင်းတုံမြို့အ၀င် နောင်ဖာရဲကင်းအနီးမှာ ပူးပေါင်းအဖွဲ့ဟာ သတင်းအရစောင့်ဆိုင်းနေစဉ် မိုင်းယန်းမှမောင်းနှင်လာတဲ့ မော်တော်ယာဉ်ကို ရှာဖွေစစ်ဆေးရာ ကားအတွင်းဝှက်ပြီး သယ်ဆောင် လာတဲ့ GUANYINWANG နဲ့ တရုတ်စာတမ်းပါ ပလတ်စတစ် အိတ်အတွင်းမှ တထုတ်ကို ၁ ကီလို ဂရန်ပါတဲ့ မက်အက်ဖီတမင်း(ICE) မူးယစ်ဆေးဝါး စုစုပေါင်း ၄၀ ထုတ် အလေးချိန် ၄၀ ကီလိုဂရမ်ခန့် (တန်ဖိုး ကျပ်သိန်းတသောင်း)ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ တနေ့တည်းမှာပင် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့မှာလည်း မက်အက်ဖီတမင်း (ICE) မူးယစ်ဆေးဝါး ၁၀၈ ကီလိုဂရမ် တန်ဖိုး ကျပ်သိန်းပေါင်း နှစ်သောင်းခုနှစ်ထောင်)ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရဲတပ်ဖွဲ့ရုံးက သိရပါတယ်။ မက်အက်ဖီတမင်း(ICE) မူးယစ်ဆေးဝါးများသည် လူငယ်များအကြားမှာ ရေပန်းစားနေတဲ့ ဆေးတမျိုးဖြစ်ပြီး သုံးစွဲပါက အသားအရည်ကို လှပစေတယ်လို့ လူပြောနေတဲ့အတွက် မိန်းကလေးအများအပြားသုံးစွဲနေကြောင်း တာချီလိတ်ရှိလူငယ်တဦးက ပြောပါတယ်။ သတင်း - သားသား၊ ဓာတ်ပုံ -မူးယစ်တပ်ဖွဲ့စု၂၈ ကျိုင်းတုံ  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024