Home
မြန်မာသတင်း
မြိတ်တွင် ၈ လအတွင်း ငါးခိုးဖမ်းသည့်လှေ ၃၈ စီး ဖမ်းမိ၊ ထိုင်းလှေ ၅ စီးပါဝင်
DVB
·
August 24, 2017
မြိတ်ကျွန်းစုရေပြင်မှာ ဇန်န၀ါရီကနေ သြဂုတ်အထိ ၈ လတာအတွင်း ထိုင်းနိုင်ငံက ငါးဝင်ရောက်ခိုးဖမ်းတဲ့ ငါးဖမ်းလှေ ၅ စီးအပါဝင် စုစုပေါင်း ၃၈ စီးကို မြန်မာ့ရေတပ်က ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။ မြန်မာ့ရေပိုင်နက်အတွင်း လာရောက်ငါးခိုးဖမ်းနေတဲ့ ထိုင်းနိုင်ငံက လှေတွေအပါအ၀င် မြန်မာနိုင်ငံက စည်းပျက်၊ တရားမ၀င်လှေတွေကိုလည်း စစ်ဆေး အရေးယူကာ သက်ဆိုင်ရာ ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနနဲ့ မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနတို့ထံ လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ တပ်မတော်ရေ တာဝန်ရှိသူတဦးက “ဒီနှစ်ဇန်န၀ါရီလကနေ သြဂုတ်လအထိ ဖမ်းဆီး မိထားတာပါ။ ပြီးခဲ့တဲ့နှစ်ကတည်းက သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့ ငါးဦးစီးကို တရားမ၀င် ငါးဖမ်းလှေတွေ အရေးယူမယ့်အကြောင်း၊ တရားမ၀င် ငါးဖမ်းနေတဲ့ လှေတွေကို တွေ့ရင် အထောက်အထားနဲ့ အကြောင်းကြားပေးဖို့ စာတွေပို့ထားတယ်။ ဥပဒေကို ဖောက်ဖျက် တဲ့ လှေကြီးလှေငယ် အကုန်လုံးကို ဖမ်းဆီးအရေးယူနေပါတယ်။ ဆက်လက်ပြီးလည်း စစ်ဆေး အရေးယူနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ တရားမ၀င်ငါးဖမ်းဆီးခြင်း လုပ်ကိုင်ဆောင်ရွက်မှုမရှိတော့ကြောင်း ကြေညာထားပေမယ့် မြန်မာ့ရေပိုင်နက်မှာ အခုချိန်အထိ ၀င်ရောက်ငါးခိုးဖမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ “ဖမ်းဆီးရမိတဲ့ လှေတွေထဲမှာ ထိုင်းငါးဖမ်းလှေတွေဖြစ်တဲ့ ဒရွတ်ဆွဲ၊ မီးထွန်းလှေ၊ ရှပ်ဆွဲလှေတွေက အစပါတယ် ဒါတွေကို မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်းဥပဒေနဲ့ အရေးယူနိုင်ဖို့ ငါးဦးစီးကို လွှဲပြောင်းပေးအပ်ထားပါတယ်” လို့ အဆိုပါ တာဝန်ရှိသူကဆိုပါတယ်။ ဖမ်းဆီးရမိတဲ့ ထိုင်းငါးဖမ်းလှေ ၅ စီးအထိရှိပြီး မြန်မာငါးဖမ်းလှေတွေမှာ ၀ါတန်း၊ ၀ါလတ်၊ ကျူနာ၊ ရှပ်ဆွဲလှေနဲ့ ငါးဗုံးခွဲလှေတွေပါဝင်ပြီး ငါးဗုံးလှေ ၂ စီးကိုမူ ပင်လယ်ပြင်အတွင်း ဖျက်ဆီးခဲ့ ရကြောင်း သိရပါတယ်။ ငါးခိုးဖမ်းတဲ့စက်လှေတွေကို ပြစ်ဒဏ်အနေနဲ့ အမှုအကြီးအသေးပေါ်မူတည်ပြီး ထောင်ဒဏ်၊ ဒါမှမဟုတ် ငွေဒဏ် ချမှတ်လေ့ရှိတယ်လို့ မြိတ်ခရိုင်ငါးဦးစီးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။ “ကမ်းနီး/ကမ်းဝေး လိုင်စင်မဲ့ဆိုရင် သူ့ရဲ့ပြစ်ဒဏ်သတ်မှတ်ချက်ဟာ ထောင်ဒဏ် ၁၀ နှစ် ဖြစ်စေ၊ ငွေဒဏ် ၃၀၀,၀၀၀ ကျပ် ဖြစ်စေ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ပြစ်မှု အကြီးအသေးပေါ်မူတည်ပြီး တရားသူကြီးက အမိန့်အမျိုးမျိုးချတာပေါ့နော။ ၁၀ နှစ် လောက်အထိ အမိန့်ချတာမျိုးတော့ မရှိသလောက်ပါပဲ၊ ကျနော်တို့က တရားစွဲတာ လောက်ပဲရှိပါတယ်။ ပြစ်ဒဏ်ချတာက တရားသူကြီးနဲ့ပဲ သက်ဆိုင်ပါတယ်။ ကမ်းနီးလှေတွေကို မြို့နယ်တရားရုံးက အမိန့်ချပြီး နိုင်ငံခြားငါးဖမ်းလှေတွေကိုတော့ ခရိုင်တရားရုံးက အမိန့်ချပါတယ်” အခုနှစ်အတွင်း ငါးလုပ်ငန်းဦးစီးက ငါးဖမ်းလှေတွေကို လိုင်စင်သက်တမ်းတိုးရာမှာ အခွန် ဦးစီးဌာနက အခွန်ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှ လိုင်စင်သက်တမ်းတိုး ဆောင်ရွက်ပေးနေပြီး ပင်လယ်ပြင်တွင်လည်း မြန်မာ့ရေတပ်မှ ငါးဖမ်းလှေတွေကို တရားဝင် ဆောင်ရွက်ထားမှု ရှိမရှိကို လိုက်လံစစ်ဆေး အရေးယူနေကြောင်း သိရပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024