Home
ရုပျသံ
အန်အယ်လ်ဒီအစိုးရ စီးပွားရေးဖွံ့ဖြိုးမှုကို ပြန်ဦးတည်နေပြီလား - အယ်ဒီတာစကားဝိုင်း
DVB
·
August 23, 2017
ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ အခု အန်အယ်လ်ဒီအစိုးရ တက်လာပြီး တနှစ်ခွဲလောက်ကြာတဲ့အခါမှာ အရင်တုန်းကတော့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို အာရုံစိုက်ခဲ့ပါတယ်။ အခု မကြာခင် ရက်ပိုင်းအတွင်းကတော့ ဘဏ်လုပ်ငန်းရှင်တွေကို ခေါ်တွေ့တာ၊ Transactional အသွင်ကူးပြောင်းရေး ဖိုရမ်တခု ခေါ်တွေ့တာ၊ နောက်တခုက ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌတွေကို အသစ်ဖြည့်တင်းတာနဲ့ စီးပွားရေးကဏ္ဍမှာ ဒု-ဝန်ကြီးတွေခန့်တဲ့ အစိုးရရဲ့ လှုပ်ရှားမှုတွေကို တွေ့လာပါတယ်။ အဲဒါနဲ့ပတ်သက်လို့ အန်အယ်လ်ဒီအစိုးရက စီးပွားရေးဖွံ့ဖြိုးမှုကို ပြန်ဦးတည်နေပြီလားဆိုတဲ့ လူအများ စိတ်ဝင်စားနေမှုကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ စီးပွားရေးပညာရှင် ဆရာဦးလှမောင်နဲ့ The Voice Weekly ထုတ်ဝေသူနဲ့ ဒု-အယ်ဒီတာချုပ် ဆရာဇေယျာသူတို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “အခုရက်ပိုင်းအတွင်းမှာပေါ့နော် ဘဏ်လုပ်ငန်းရှင် ၂၂ ယောက်ကို ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်တက်ရောက်ဖို့ ခေါ်ယူတွေ့ဆုံခဲ့တယ်။ အဲဒီမှာတော့ ဗဟိုဘဏ်ဥက္ကဋ္ဌတွေလည်း ပါတယ်၊ စီးပွားရေးအရလည်း ပါတယ်။ မြန်မာပြည်ရဲ့ Banking Cetre ပေါ့၊ ဗဟိုဘဏ်ရဲ့ ကဏ္ဍရော၊ အစိုးရရဲ့ ကဏ္ဍရော၊ အခုလို ဘဏ်လုပ်ငန်းရှင်ကြီးတွေ ခေါ်တွေ့တာ မြန်မာပြည်ရဲ့ စီးပွားရေးအရ ဘယ်လို အရေးပါတယ်၊ ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာ ဆရာ စပြီးတော့ သုံးသပ်ပေးပါဦး။” ဦးလှမောင် (စီးပွားရေးပညာရှင်) “နိုင်ငံတော်ရဲ့ခေါင်းဆောင်၊ တကမ္ဘာလုံးက မိတ်ဆွေပေါများတဲ့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဘဏ်လုပ်ငန်းရှင်တွေ၊ ဘဏ်ဥက္ကဋ္ဌတွေ၊ ဘဏ်အကြီးအကဲတွေကို ခေါ်တွေ့တယ်ဆိုတာ အလွန်ကောင်းသော အလားအလာပါ။ ဒါရဲ့ အရှိန်အဟုန်နဲ့ ရှေ့လျှောက် အကျိုးတွေ အများကြီး ဖြစ်ထွန်းလာပါလိမ့်မယ်။ သူတို့ ဘာတွေပြောပြီး ဘာတွေဆွေးနွေးတယ်ဆိုတာတော့ ကျနော်တို့ မသိရဘူး။ ဒါပေမယ့် ခန့်မှန်းလို့ရတာကတော့ အစိုးရပိုင်းက ဘာတွေများ ပံ့ပိုးပေးနိုင်ရင် အဆင်ပြေနိုင်မလဲ ဆိုတာရယ်၊ ဘဏ်အပိုင်းက အခက်အခဲတွေ ဘာတွေရှိလဲ ဆိုတာရယ်ကိုတော့ ဆွေးနွေးကြလိမ့်မယ်လို့ ထင်ပါတယ်ပေါ့။ ကျနော်ပြောချင်တာက အစိုးရပိုင်းက ဘာတွေ လုပ်ပေးရမလဲ ဆိုတာပေါ့။ အစိုးရဆိုတာနဲ့ တပြိုင်နက် ပထမဆုံး ဘဏ်လို့ပြောလိုက်ရင် ဗဟိုဘဏ်က ထိပ်ဆုံးက အခရာကျပါတယ်။ ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ နှစ်ဦးလုံး တက်ထားတာ တွေ့ရပါတယ်။ ဗဟိုဘဏ်က အစိုးရရဲ့ ဘဏ်ပါပဲ။ အစိုးရရဲ့ ဘဏ္ဍာရေး ဘတ်ဂျက်ရန်ပုံငွေဆိုင်ရာကိုလည်း ချိန်ညှိပေးရသလို နိုင်ငံရဲ့ ပြည်တွင်း ပြည်ပ ငွေကြေးလည်ပတ်မှုကိုလည်း ချိန်ညှိပေးရတယ်။ အဲဒီတော့ ငွေကြေးလည်ပတ်မှုကို ချိန်ညှိတဲ့အခါမှာ Money Supply သိပ်အရေးကြီးပါတယ်။ သူတို့ အတိုးနဲ့ ချိန်ညှိတာ။ နောက်ပြီးတော့ Open Market Operation လို့ခေါ်တဲ့ Financial ပေါ့လေ၊ OMO ကို ချိန်ညှိပေးတာ။ ဒါတွေကို လုပ်တဲ့အခါမှာ ဘာတွေလိုအပ်သလဲ။ အစိုးရပိုင်းက လုပ်ပေးဖို့ အရမ်းအရေးကြီးတယ်။ ဆိုလိုတာက တကယ်လို့  ဗဟိုဘဏ်က တခြားဘဏ်တွေနဲ့၊ တခြားဘဏ်တွေဆိုတာလည်း ဗဟိုဘဏ်ဆိုတာ Bank of the Bakers။ တခြားဘဏ်တွေကို သူက Lead လုပ်ရမှာ။ ကြီးကြပ်ရမှာ။ ဦးဆောင်ရမှာ။ စောင့်ကြည့် စိစစ်နေရမှာဆိုတော့ ဘဏ်တွေရဲ့ ငွေကြေးလည်ပတ်မှုကြီး မှန်ကန်နေဖို့။ အစိုးရက အခု နည်းနည်း ကြာနေ၊ လေးနေတာမျိုးတွေ ဥပမာ ပြောကြမယ်ဆိုရင် Interest Rate မပြောင်းဘူး။ ပြောင်းသင့်ရက်သားနဲ့ မပြောင်းဘူး။ နောက်ပြီးတော့ Exchange rate အတက်ကြီးပဲ သွားနေတာ။ အဲဒါကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ မတွေ့ရဘူး ဆိုတာမျိုးတွေ ဖြစ်နေတယ်။ အဲဒီတော့ အစိုးရက ဒါတွေကို ကြည့်မနေရတော့ဘူး။ ငွေကြေးလည်ပတ်မှု Money Circulation ထဲမှာ သိပ်များရင် ငွေကြေး ဖောင်းပွမယ်။ ဖောင်းပွနေတာကို အစိုးရက ထိုင်ကြည့်နေမလား။ ထိုင်မကြည့်ရတော့ဘူး လုပ်ရတော့မယ်။ ဥပမာ ဘာကြောင့် ဖောင်းပွသလဲ။ Money Circulation များနေတယ်ဆိုရင် လူတွေရဲ့ ငွေတွေ အစိုးရဆီ၊ ဘဏ်တွေဆီ ရောက်လာအောင် နည်းတွေရှိတယ်။ လက်ရှိလည်း မြင့်သင့်သလောက်ရှိတာ မြင့်ပါတယ်။ ဒါပေမယ့် ကျနော်က ဒီ့ထက် လိုဦးမယ် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ပြည်ကြီး တိုးတက်လာတော့ Financial ပိုင်းက နောက်ကျလာတော့ သူတို့ ဘာလုပ်လဲဆိုတော့ ဂျပန်ရဲ့နည်း လိုက်ရှာတယ်။ အမေရိကန်နည်း ရှာတယ်။ တွေ့တယ်။ တွေ့တော့ Financial Management အတွက် အလွန်အရေးကြီးသော ပုဂ္ဂိုလ်တွေကို  နိုင်ငံခြားကနေ ငှားတာ ခန့်တာတွေ လုပ်တယ်။ IMF တို့ World Bank တို့၊ အထူးသဖြင့် IMF က ကျွမ်းကျင်ပညာရှင် Consultant အနေနဲ့ ခန့်ကိုခန့်သင့်တယ်။ ရှိလည်း ရှိခဲ့ဖူးတယ်။ နောက်ပြီးတော့ အဲဒီလိုလူတွေနဲ့ ပူးပေါင်းဆောင်ရွက်သလို မြန်မာနိုင်ငံအတွက် ရေရှည်စီမံကိန်း ချရမယ်။     ဒါ အစိုးရက လုပ်ကိုလုပ်ရမယ်။ အဲဒီလို ပံ့ပိုးပေးဖို့ လိုပါတယ်လို့ ထင်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဆရာကတော့ ဗဟိုဘဏ်ရဲက အထူးကဏ္ဍ၊ ငွေကြေးကဏ္ဍကို စပြီးတော့ လုပ်ကိုင်လာတဲ့အပေါ်နဲ့ ရေရှည် Generation တခုမွေးဖို့ပါ ပြောဆိုသွားတာပေါ့နော်။ အဲဒီအတွက် ကျနော် ဆရာဇေယျာသူလည်း မေးပါရစေ။ အခုလောလောဆယ်တော့ ပြီးခဲ့တဲ့ အသွင်ကူးပြောင်းရေးဖိုရမ်မှာလည်း စီးပွားရေးနဲ့ပတ်သက်လို့ ဦးမျိုးမြင့်တို့က ပြောသွားပါတယ်။ မြန်မာစီးပွားရေးက ထုံထိုင်းနေပါတယ်။ အဲဒီကနေပြီး အန်အယ်လ်ဒီ ဦးဆောင်တဲ့ အစိုးရက စီးပွားရေးဖွံ့ဖြိုးမှုကို ပြန်ပြီးတော့ လှည့်လာတာ တွေ့ရတယ်။ ဆရာ့အနေနဲ့ရော အခုလို အစိုးရရဲ့ initiate လုပ်ပြီးတော့ တွေ့ဆုံလာမှုတွေက တကယ် လက်တွေ့ကျကျ ဘာတွေ မျှော်လင့်လို့ရလဲ၊ ဘာတွေ ဆက်ဖြစ်နိုင်မလဲ ဖြည့်စွက် ဆွေးနွေးပေးပါဦးခင်ဗျ။” ဦးဇေယျာသူ (ထုတ်ဝေသူ၊ ဒု-အယ်ဒီတာချုပ်) (The Voice Weekly) “လူတွေ မြင်နေတာကတော့ စီးပွားရေးမှာ အစိုးရက သိပ်ပြီးတော့ မလုပ်ဘူးပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး မိန့်ခွန်းမှာလည်း စီးပွားရေးမူဝါဒနဲ့ ပတ်သက်လို့ တလုံးမှ မပြောသွားဘူး။ အခု တနှစ်ခွဲလောက်ကြာတဲ့အခါမှ ဒါက လမ်းမှန်ပေါ် ပြန်ရောက်လာတဲ့သဘော ရှိတယ်။ ကျနော့်အမြင်ကတော့ အချိန်မီတယ်ပေါ့နော်။ ခုနက ဆရာ ပြောသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်က ထိပ်ပိုင်းက စီးပွားရေးပုဂ္ဂိုလ်တွေကို ခေါ်တွေ့တယ်။ ဒါကကျတော့လည်း စီးပွားရေးကို ပြန်လုပ်ဖို့ သန္နိဋ္ဌာန်ချလိုက်ပြီလို့ ပြောလိုက်တာပေါ့။ ဘဏ်ပိုင်ရှင်တွေ ဆိုတာက တခြား စီးပွားရေးလုပ်ငန်း အများကြီးလည်း ပိုင်ထားတာ ဖြစ်တဲ့အတွက် သူတို့နဲ့ တွေ့လိုက်ခြင်းအားဖြင့် အနည်းဆုံး သူတို့ရင်ဖွင့်တာ နားထောင်လိုက်ရင် ဒါ အစိုးရက စီးပွားရေးကို အလေးထားတယ်ဆိုတာ ပြလိုက်တာပေါ့။ နောက်ပိုင်း အစည်းအဝေးတွေတော့ ကျနော့်အထင် ဆက်ပြီးလာပါလိမ့်ဦးမယ်။ လောလောဆယ်ကတော့ ရင်ဖွင့်တာပေါ့။ ကျနော်တို့နိုင်ငံ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာတဲ့ အရပ်သားအစိုးရ အာဏာရလာတာ နှစ်ပေါင်း လေးငါးဆယ် ခြောက်ဆယ်အတွင်းမှာ ပထမဆုံးအချိန် ဖြစ်တယ်။ နိုင်ငံတကာကလည်း မြန်မာပြည်ကို စိတ်ဝင်စားနေတဲ့ ရင်းနှီးမြှုပ်နှံတဲ့ ပုဂ္ဂိလ်တွေတင် မကဘူး။ အစိုးရကိုယ်တိုင်တွေက စိတ်ဝင်စားနေတော့ ဒီတံခါးလေးပွင့်သွားတာ သိပ်မကြာဘူး။ ခုလောလောဆယ်ဆို ၁ နှစ်ခွဲလောက်ရှိသွားပြီ။ နောက် ၃ နှစ်ခွဲ၊ ၂၀၂၀ ဘာဖြစ်မယ် မသိတဲ့အခါကျတော့ ပွင့်သွားတဲ့ အချိန်လေးအတွင်းမှာ ကျနော်တို့က တွန်းလိုက်ဖို့လိုတယ်။ အထူးသဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆို လူတွေက စိတ်ဝင်စားကြတယ်။ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့မှာဆို ဓာတ်ပုံတွေ ရိုက်ကြတယ်။ ဒါပေမယ့် ဟိုတယ်ခတွေ ဈေးကြီးတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ့တယ်။ အဲဒီအခါကျတော့ ကျနော်တို့ဆီက ရသင့်သလောက် သိပ်မရတော့ဘဲ ကမ္ဘောဒီးယား၊ ထိုင်းဘက်တွေ အဲဒီဘက်တွေကို ရောက်သွားတယ်။ လယ်ယာစိုက်ပျိုးရေးနိုင်ငံ ဆိုပေမယ့် အဓိကက ဆန်စပါးဆိုရင် သိပ်အလေးမပေးတဲ့ ပဲရဲ့ သုံးပုံတပုံလောက်ပဲ ဝင်ငွေက ရတာ ရှိတယ်။ အဲဒီတော့ တကယ်ဝင်ငွေရမယ့် သီးနှံတွေ ဘယ်လို စိုက်ပျိုးထုတ်လုပ်မလဲ။ အဲဒါတွေလည်း လုပ်ဖို့ ရှိနေတယ်။” အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024