
နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆွေးနွေး၍ရမည်မဟုတ်ဟု မြောက်ကိုရီးယားသံတမန် ပြော

Email This Story :
မြောက်ကိုရီးယားနိုင်ငံ ကာကွယ်ရေးအတွက် နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို ဘယ်တော့မှ ဆွေးနွေးလို့ရမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယား သံတမန်က သြဂုတ် ၂၂ ရက်မှာ ပြောလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကုလသမဂ္ဂက မြောက်ကိုရီးယား နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး လက်နက်ဖျက်သိမ်းရေး အစည်းအဝေးတခု ကျင်းပခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ ကြီးထွားလာနေတဲ့ ခြိမ်းခြောက်မှုကနေ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေကို ကာကွယ်ဖို့ဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ထိပ်ဆုံးက ဦးစားပေးအချက်တခု ဖြစ်တယ်လို့ အမေရိကန်ရဲ့ လက်နက်ဖျက်သိမ်းရေး သံတမန်က ပြောခဲ့ပါတယ်။
အဲဒီနောက်မှာ မြောက်ကိုရီးယားကနေ တက်ရောက်လာတဲ့ သံတမန်ကလည်း မြောက်ကိုရီးယားက ဆောင်ရွက်နေတဲ့ နျူကလီးယားအင်အား တိုးမြှင့်ခြင်းဟာလည်း အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ဖို့ နိုင်ငံကာကွယ်ရေးအတွက် တရားဝင်ရွေးချယ်ခွင့်သာ ဖြစ်တယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယား သံတမန်က “ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက်ပိုင်တဲ့ နိုင်ငံတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားကို နျူကလီးယားလက်နက်နဲ့ ခြိမ်းခြောက်နေတာက အမေရိကန်တနိုင်ငံပဲ ရှိပါတယ်။ အဲဒီတော့ မြောက်ကိုရီးယား အနေနဲ့လည်း နျူကလီးယား ကာကွယ်ရေးနဲ့အတူ နျူကလီးယား လက်နက်စွမ်းအင် တိုးမြှင့်နေတာဟာ နိုင်ငံကာကွယ်ရေးအတွက် ရှိသင့်တဲ့ မျှတတဲ့ အခွင့်အရေးတခုသာဖြစ်တယ်” လို့ ပြောပါတယ်။
ဆက်လက်ပြီး သူက “အခုဆောင်ရွက်နေတဲ့ အမေရိကန်ရဲ့ စစ်ပွဲစီမံကိန်းတွေက မီးလောင်ရာလေပင့်သလို ဖြစ်နေပါတယ်။ တင်းမာနေတဲ့ အခြေအနေကို ပိုပြီး ဆိုးရွားစေပါတယ်။ အမေရိကန်တပ်ချုပ်က တောင်ကိုရီးယားကို သွားပြီး စစ်ပွဲစီမံကိန်း သွားဆွဲခဲ့တာမျိုးလို ၂ ဦး ၂ ဘက်က စစ်ရေးကို ဦးတည်လာတဲ့အခါမှာ တကယ်တမ်း အင်အားကြီးတဲ့ စစ်ပွဲကြီးတွေ ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး” လို့လည်း ပြောပါတယ်။
တောင်ကိုရီးယား အမြဲတမ်းကိုယ်စားလှယ်နဲ့ သံတမန်ဖြစ်သူကလည်း “ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တားမြစ်ချက်တွေကို ဆန့်ကျင်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုပိုပြီးတော့ အပြင်းအထန် ရှုတ်ချပြစ်တင် တုံ့ပြန်တာတွေ လုပ်လာကြမှာ မလွဲပါဘူး။ အဲဒီတော့ မြောက်ကိုရီးယားကို ရန်စခြိမ်းခြောက်မှု အမျိုးမျိုး ရပ်တန့်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ ထပ်မံပြီး တိုက်တွန်းတောင်းဆိုပါတယ်” လို့ ပြောပါတယ်။
ဇူလိုင်လအတွင်းမှာ မြောက်ကိုရီးယားက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးတွေ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီးနောက် ကမ္ဘာတဝန်းမှာ အခုလို စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ကြတာ ဖြစ်ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားကို မီးမိုးရွာချမယ်လို့ ပြန်လည်ခြိမ်းခြောက်လိုက်တဲ့အခါမှာတော့ စိုးရိမ်မှုတွေ ပိုဆိုးလာခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။