Home
မြန်မာသတင်း
ရခိုင်လက်နက်ကိုင်၂ဖွဲ့ တိုက်ပွဲဖြစ်ပွားပြီး ALP ဌာနချုပ်ကျ
နော်နိုရင်း
·
August 23, 2017
  ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်ဌာနချုပ်ကို ရက္ခိုင့်တပ်မတော်(AA)က ၀င်ရောက် တိုက်ခိုက်ခဲ့လို့ ဌာနချုပ်ကျသွားပြီး တပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးမှုတွေရှိနေတယ်လို့ ALP ပါတီ ထိပ်တန်းခေါင်းဆောင်တဦးက ဒီဗွီဘီကို ပြောပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်  မီဇိုရမ်ပြည်နယ်အနီးမှာရှိတဲ့ ဌာနချုပ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့   ALP ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းက “ALP ဌာနချုပ်ကို AA ကနေ ၀င်ပစ်တာဖြစ်တယ်။ အခုတော့ ဒီနေ့ထိ တိုက်ပွဲကဖြစ်နေတယ်။ ဖြစ်တဲ့ အကြောင်းအရာ က ၂၁ ရက်နေ့ ည ၁၀ နာရီလောက်မှာ အရာရှိဖြစ်တဲ့ ခိုင်မွီးသွီးနဲ့ ရဲဘော်တယောက် ခိုင်သိန်းထိုက်ကို ဖမ်းသွားတယ်။ သူတို့ လှည့်ဖျားပြီးတော့ ခေါ်သွားတာဖြစ်တယ်။ ဖမ်းသွားတယ်ဆိုတာ သေနတ် နဲ့လာပြီးတော့ ဖမ်းတာမဟုတ်ဘူး။ သူတို့တွေက စကားပြောစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်။ နောက်တနေ့ ၂ နာရီလောက်မှာ ဌာနချုပ်ကို မနေ့က လာပစ်တာဖြစ်တယ်။  အဲလိုလာပစ်တော့ မနေ့ကတည်းက ရဲဘော်တယောက် ကျဆုံးသွားပြီဖြစ်တယ်။ အခု လက်ရှိရနေတဲ့ သတင်းအရ ဆိုလို့ရှိရင် ALP ဌာနချုပ် ကျရှုံးသွားပြီလို့ သတင်းရရှိတယ်။  အခု ရဲဘော် ၃ ယောက် ဒဏ်ရာ အပြင်းအထန်ရနေတယ်။ နောက်ထပ် ရဲဘော် ၂ ယောက် ပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းကို ဒီနေ့အခု စကားပြောနေတဲ့အချိန်မှာ ရရှိတာဖြစ်တယ်။”လို့ ပြောပါတယ်။ အဆိုပါလက်နက်ကိုင် ၂ ဖွဲ့အကြား လွန်ခဲ့တဲ့နှစ်တွေက အကောက်ခွန်ပြဿနာနဲ့ နယ်မြေ ပြဿနာတွေရှိခဲ့ဖူးပြီး အပြန်အလှန်ဆွေးနွေးမှုကြောင့် ပြဿနာပြေလည်ခဲ့ပေမယ့် အခု တကြိမ်မှာတော့ သမိုင်းတလျှောက် အချင်းချင်းကြား ပြင်းထန်တဲ့တိုက်ခိုက်မှုဖြစ်တယ်လို့လည်း ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။ “ကျမတို့ သမိုင်းတလျှောက်မှာ ဒီလိုအဖြစ်မျိုးတွေ တခါမှမကြုံခဲ့ဖူးဘူး။ ကျမတို့က အေအေ ကိုလည်း မိခင်ပါတီလိုခင်မင်တယ်။ သားသမီးတွေလိုလည်း ရဲဘော် တွေအပေါ်မှာ သံယောဇဉ်ရှိ ပါတယ်။ ဘာဖြစ်လဲဆိုရင် ရခိုင်တွေအချင်းချင်းဟာ ရခိုင်ပြည်ရဲ့ ဦးတည်ချက်တွေအတွက် အလုပ် လုပ်နေကြတာဖြစ်တယ်။ ရခိုင်လူမျိုးတွေရဲ့ ဦးတည်ချက်တွေအတွက် အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ အခုလိုဖြစ်လာတယ်ဆိုတာဟာ ရခိုင့်သမိုင်းမှာ မကောင်းဆုံးကို ကျမတို့က ရောက်နေတာဖြစ်ပါတယ်။ လုံးဝ မလုပ်အပ်တဲ့ကိစ္စဖြစ်တယ်၊ လုံးဝ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။ ALP မှာ မူချထားတာရှိတယ်။ ကိုယ်တို့အချင်းချင်းလုံးဝ မတိုက်ရဘူးဆိုတာမျိုးဖြစ်ပါတယ်။ အခုကတော့ ဌာနချုပ်ကို ၀င်တိုက်လာတဲ့အခါကျတော့ ခုခံတဲ့သဘောနဲ့ပဲ ALP က လုပ်ရတာ ဖြစ်ပါတယ်။ ခုခံရမှာပေါ့။ ဌာနချုပ်ကို။” ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မနေ့ကတည်းက  AA စစ်ဦးစီးချုပ်ဆီကို စာပို့ပြီး ပြဿနာ မဖြစ်ရအောင် တိုက်ခိုက်မှုတွေရပ်တန့်ပေးဖို့ စာပို့ထားပေမယ့် အခုချိန်ထိ အကြောင်းပြန်တာ မရှိဘူးလို့လည်း ပြောပါတယ်။ တိုက်ပွဲနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်မတော် (အေအေ)ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)/ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALA)အဖွဲ့ဟာ အစိုးရနဲ့ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပြီး  ရက္ခိုင့်တပ်မတော်(AA) ကတော့ မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့အတူ အန်စီအေ အပစ်ရပ်လက်မှတ်  ရေးထိုး ထားခြင်း မရှိသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024