Home
မြန်မာသတင်း
ကျပ်သိန်း ၄၂၃ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဟိုပင်မြို့၌  ဖမ်းမိ
DVB
·
August 22, 2017
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့နဲ့ ကြာကြီးကွင်းကျေးရွာကြားမှာ သြဂုတ် ၂၁ ရက် ညနေ ၅ နာရီက အသက် ၃၅ နှစ်ရှိ အမျိုးသမီးတဦးဆီက ကာလတန်ဖိုး ကျပ် ၄၂၃ သိန်း ၅ သောင်း တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။ သြဂုတ်လ ၂၁ ရက်နေ့ ညနေက ပြည်နယ်မှုခင်းအကူဌာနက တာဝန်ရှိသူတွေ ဟိုပင်နဲ့ ကြာကြီးကွင်းကျေးရွာကြား လျှပ်စစ်ဓာတ်အားခွဲရုံအနီး ပြည်ထောင်စု ကားလမ်းမကြီးပေါ်မှာ စောင့်ဆိုင်းနေစဉ် ဟိုပင်ဘက်ကနေ မိုးညှင်းမြို့နယ် လွဲမွန်ကျေးရွာနေသူ မခင်ချိုမောင်းနှင်လာတဲ့ ဆိုင်ကယ်ကို စစ်ဆေးရှာဖွေခဲ့ပါတယ်။ ဆိုင်ကယ်ခွကြားမှာ ညှပ်ထားတဲ့ မြွေရေခွံအိတ်ထဲမှာ ဂျပ်ဖာပုံးနဲ့ ထည့်ထားတဲ့ ရောင်စုံ ဆပ်ပြာခွက် ၁ ခွက်မှာ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါကြားအမှုန့် အလေးချိန် ၁၁ ဂရမ်စီပါ ၅၅ ခွက် စုစုပေါင်းအလေးချိန် ၆၀၅ ဂရမ် သိမ်းဆည်းရမိခဲ့တာပါ။ ဟိုပင်စခန်းမှူးက “ကျနော် တာဝန်ကျတဲ့ ဟိုပင်မှာ ၉ လအတွင်း ဒီတခါမိတာ အများဆုံးပါပဲ။ ထပ်ပြီး ဖမ်းဆီးဦးမှာပါ”လို့ ပြောပါတယ်။ ကျောင်းသားဖခင်တဦးက “ဒီပမာဏဟာ ကလေးတွေအတွက်တော့ နည်းနည်းကံကောင်း သွားတယ်”လို့ ကျောင်းသားဖခင်တဦးက ပြောပါတယ်။ မခင်ချိုကို စစ်မေးရာ အဆိုပါပစ္စည်းတွေကို အင်းတော်ကြီး၊ နန့်မီးလောင်ကျေးရွာက မသန်းသန်းဝင်းဆီက ဝယ်ယူလာတယ်လို့ သိရတာကြောင့် သွားရောက်ဖမ်းဆီးရာ ကြိုတင်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ မခင်ချိုနဲ့  မသန်းသန်းဝင်းတို့ကို ဒုရဲအုပ်ရဲမင်းသူက တရားလိုပြုလုပ်ကာ အမှုစစ်ဒုရဲအုပ် ဇော်မျိုးမင်းက မယ(ပ)၃၀/၂၀၁၇ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ နဲ့ ဖမ်းဆီးအရေးယူ ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ သတင်း -  မုန်းမုန်းမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024