Home
မြန်မာသတင်း
မန္တလေးတိုင်းလွှတ်တော်ဝန်ထမ်းခေါ်စာ မသန်စွမ်းအဖွဲ့များကန့်ကွက်
ပိုင်စိုး
·
August 22, 2017
  မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရဲ့ ဝန်ထမ်းခေါ်စာဟာ မသန်စွမ်းတွေကိုခွဲခြားဆက်ဆံတာ ကြောင့် ကန့်ကွက်တဲ့အပြင် အရည်အချင်းသတ်မှတ်ချက်ကို ပြင်ဆင်ပေးဖို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်က တိုက်တွန်းလိုက်ပါတယ်။ ဒုဦးစီးနဲ့ အငယ်တန်းစာရေးရာထူးနေရာတွေအတွက် တိုင်းလွှတ်တော်ရဲ့ ဝန်ထမ်းခေါ်စာမှာ အလုပ်လျှောက်ထားသူဟာ ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက် အင်္ဂါသန်စွမ်းသူ ဖြစ်ရမည် လို့ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ ၂၀၁၅ ခုနှစ် မသန်စွမ်း သူများ၏ အခွင့်အရေးဥပဒေတွေကို သိသိသာသာချိုးဖောက်ရာကျတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မသန်စွမ်းသူတွေဟာ လုပ်နိုင်စွမ်းရှိမှာမဟုတ်ဘူးလို့ ကြိုတင်စီရင်ချက်ချထား သလို ဖြစ်နေတယ်လို့လည်းဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက “ကျနော်တို့က ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ဥပဒေနဲ့အညီခေါ်တာပါ။ ကျနော်တို့တင်မဟုတ်ပါဘူး။ တခြားအစိုးရ ဌာနဆိုင်ရာတွေ၊ အမျိုးသားလွှတ်တော်တို့၊ ပြည်သူ့လွှတ်တော်တို့ သူတို့ခေါ်တဲ့ ဝန်ထမ်းတွေ ကိုလည်း ဒီစည်းမျဉ်း စည်းကမ်းအတိုင်းကတော့ ပါတာပဲ။ သတ်မှတ်ထားတဲ့နေ့မှာ စာမေးပွဲ စစ်သွားဖို့ပဲ ရှိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ မသန်စွမ်းသူများအသင်းချုပ်ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးအောင်ကိုမြင့်က သူတို့အနေနဲ့ တိုင်းလွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဖို့စီစဉ်နေတယ်လို့ ပြောပါတယ်။ “သူတို့က မူဝါဒချမှတ်သူတွေဖြစ်တာကြောင့် အခု ဒီလိုမူဝါဒတွေကြောင့် လုပ်ရပါတယ်ဆိုရင် ဒါကို ဖြေလျှော့ပေးဖို့ လွှတ်တော်က ပြောပိုင်ခွင့် ရှိတယ်လေ” လို့ သူက ပြောပါတယ်။ ပြီးတော့ ဘယ်ရာထူးအတွက်ပဲခေါ်ခေါ် ခုလို ကန့်သတ်ထားဖို့ မသင့်ဘူးလို့လည်း ဆက်ပြောပါတယ်။ ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ မြန်မာတနိုင်ငံလုံးမှာ  မသန်စွမ်းသူပေါင်း ၂၃ သိန်းရှိနေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024