မကွေးတိုင်းဒေသကြီး ချောက်မြို့ မနက် ၅ နာရီမှာ ထိန်ကန်ကျေးရွာအုပ်စု၊ ဆင်ကကျေးရွာအနီး အဝေးပြေးယာဉ် ၂ စီး တိုက်မိပြီး လူ ၂ ဦးသေဆုံးခဲ့တယ်လို့ ချောက်မြို့မရဲစခန်းက သိရတယ်။
ချောက်-မကွေးကားလမ်း မိုင်တိုင်အမှတ် ၃၉၈/၁ နဲ့ ၃၉၈/၂ ကြားမှာ ချောက်မြို့ဘက်သို့ ဦးအောင်မင်း မောင်းနှင်လာတဲ့ အေးချမ်းဖြိုးခရီးသည်တင် မှန်လုံယာဉ်ဟာ ဆင်ကကျေးရွာ အရောက်မှာ လမ်းဘေးရပ်ပြီး ခရီးသည်ချနေစဉ် ချောက်မြို့ဘက်မှ ဂွေချိုဘက်သို့ အောင်မြတ်မိုး မောင်းနှင်လာတဲ့ ဘုရင်နောင်ခရီးသည်ယာဉ်ဟာ တဖက်ယဉ်ကြောသို့ ဝင်ရောက်ကာ အေးချမ်းဖြိုးခရီးသည်ယာဉ်ကို ဝင်ရောက်တိုက်မိခဲ့တာပါ။
ဘုရင့်နောင်ခရီးသည်ယာဉ်မှာ လိုက်ပါလာတဲ့ ညောင်ဦးမြို့နယ် စဥ့်ကူးကျေးရွာနေ အသက် ၄၀ အရွယ် မစန္ဒာမိုးနဲ့ မမြဉ္ဇသန်းထိုက်(အသက် ၁၆)တို့ကို ဒဏ်ရာတွေနဲ့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ပါတယ်။ ဘုရင့်နောင်ယာဉ်ပါ ယာဉ်နောက်လိုက် ၂ ဦးနဲ့ ခရီးသည် တဦး (စိုးရိမ်ရ)ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး ချောက်မြို့ပြည်သူ့ဆေးရုံမှာ ဆေးကုခံယူနေတယ်လို့ သိရှိရပါသည်။
ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ချောက်မြို့၊ ပတ္တမြားရပ် နေသူ ယာဉ်မောင်းအောင်မြတ်မိုး (အသက် ၃၁)ကို သြဂုတ် ၂၂ ရက် မနက် ၈ နာရီ ၁၀ မိနစ်က ယာဉ်(ပ)၃၀/၂၀၁၇ ၊ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၃၃၈ နဲ့ ချောက်မြို့မရဲစခန်းတွင် ရဲအုပ်ကျော်ဇေယျမှ စစ်ဆေးအရေးယူ ဆောက်ရွက်နေတယ်လို့ သိရှိရပါတယ်။
သတင်း – ကိုလင်း(ချောက်)