Home
မြန်မာသတင်း
အဂတိလိုက်စားမှုဖြင့် သထုံခရိုင်တွင်း အုပ်ချုပ်ရေးမှူး ၆ ဦးအား တာဝန်မှရပ်စဲ၊ ၇ ဦးအား စစ်ဆေး
DVB
·
August 22, 2017
မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ ကျိုက်ထိုမြို့နယ်နဲ့ ပေါင်မြို့နယ်မှ အုပ်ချုပ်ရေးမှူး ၆ ဦးကို ကျင့်ဝတ်ဖောက်ဖျက်မှု၊ အဂတိလိုက်စားမှု၊ ကျေးရွာမြေကွက် ရောင်းစားမှုတို့နဲ့ အရေးယူထားပြီး ၇ ဦးကို ထပ်မံစစ်ဆေးမှုနေတယ်လို့ သထုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက သိရပါတယ်။ သထုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇောက “ပြည်သူတွေဆီက အုပ်ချုပ်ရေးမှူးတွေနဲ့ ပတ်သက်ပြီး တိုင်ကြားကြတယ်။ ဒီအပေါ်မှာ သက်ဆိုင်ရာမြို့နယ်အလိုက် စစ်ဆေးရေးကော်မတီတွေကနေပြီး တိုင်ကြားစာပါ အချက်အလက်တွေက မှန်၊ မမှန် စစ်ဆေးတယ်။ စစ်ဆေးတွေ့ရှိချက်တွေကို ပြည်နယ်ထိ တင်တယ်။ ပြည်နယ်အဖွဲ့ကနေ ဥပဒေနဲ့အညီ ဆောင်ရွက်ပါဆိုလို့ ပြန်လည် ညွှန်ကြားလာတဲ့အတွက် ရပ်ကျေးအုပ်ချုပ်ရေးဥပဒေအရ အုပ်ချုပ်ရေးမှူး ၆ ဦးကို တာဝန်ကနေ ရပ်စဲလိုက်တယ်။ ထပ်မံတိုင်ကြားခံထားရတဲ့ အုပ်ချုပ်ရေးမှူး ၇ ဦး ရှိပါသေးတယ်။ ဒါကိုလည်း သက်ဆိုင်ရာ မြို့နယ်အလိုက် စစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။ တိုင်ကြားမှု မှန်ကန်တယ်လို့ စစ်ဆေးပေါ်ပေါက်ရင် အရေးယူမှုတွေ ထပ်လုပ်မှာပါ”လို့ ပြောပါတယ်။ သထုံခရိုင်အတွင်း အရေးယူခံရလို့ တာဝန်မှ ရပ်စဲခံရသူတွေကတော့  ကျိုက်ထိုမြို့နယ်မှ ၃ ဦးနဲ့ ပေါင်မြို့နယ်မှ ၃ ဦးတို့ဖြစ်ပါတယ်။ ထပ်မံတိုင်ကြားခံရတာကြောင့် စစ်ဆေးနေတဲ့ အုပ်ချုပ်ရေးမှူးတွေကတော့  ကျိုက်ထိုမြို့နယ်မှ ၂ ဦး၊ ဘီးလင်းမြို့နယ်မှ ၁ ဦးနဲ့ ပေါင်မြို့နယ်မှ ၄ ဦးတို့ ဖြစ်ပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအနေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးဆိုင်ရာ ဥပဒေတွေကို လိုက်နာစောင့်ထိန်းဖို့၊ မိမိနဲ့မသက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်မှု မရှိစေဖို့  ၂ ပတ်တ ကြိမ် ပြုလုပ်တဲ့ အစည်းအဝေးတွေမှာ သက်ဆိုင်ရာ မြို့နယ်အလိုက် သတိပေး မှာကြားမှုတွေ ရှိနေပေမယ့် လိုက်နာမှု အားနည်းတဲ့အတွက် အရေးယူမှုတွေ ပြုလုပ်နေရတယ်လို့ သိရပါတယ်။ တိုင်ကြားခံထားရတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ ကျေးရွာမြေကို မိမိကိုယ်ကျိုးအတွက် ရောင်းစားတဲ့ကိစ္စနဲ့ တိုင်ကြားခံရမှု အများဆုံးဖြစ်ပြီး ကျေးရွာ မီးလင်းရေးကိစ္စ၊ စိုက်ပျိုးစရိတ် ချေးငွေကိစ္စ၊ သောင်နုမြေ အလွဲသုံးစားကိစ္စတွေ၊ ကျင့်ဝတ်ဖောက်ဖျက်မှုတွေကြောင့်လည်း တိုင်ကြားခံထားရတာ ဖြစ်ပါတယ်။ သတင်း - ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024