ဆေးကုသမည့် မြန်မာများအား ထိုင်းနိုင်ငံက ဗီဇာမလိုဘဲ ရက် ၉၀ နေထိုင်ခွင့်ပေးမည်
DVB
·
August 22, 2017
မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတွေက ထိုင်းနိုင်ငံကို လာရောက် ဆေးကုသမှုခံယူမယ့်သူတွေကို ပြည်ဝင်ခွင့်ဗီဇာ မလိုဘဲ ရက်ပေါင်း ၉၀ နေထိုင်ခွင့်ပေးမယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီလို ဆေးကုသမှု ခံယူဖို့အတွက် ထိုင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ ထိုင်းနိုင်ငံရှိ ဆေးရုံ ၁၆၀ စာရင်းနဲ့ လူနာနဲ့ လူနာရှင်တွေ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် အသေးစိတ်ကိုလည်း အသိပေးကြေညာထားပါတယ်။
ဆေးကုမှုခံယူလိုသူတွေဟာ ထိုင်းနိုင်ငံ၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုထားတဲ့ စာရင်းမှာ ပါဝင်တဲ့ မိမိပြသလိုတဲ့ ဆေးရုံကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်းရယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ဒီနောက် ဆေးကုသမှုခံယူဖို့ နေထိုင်ခွင့် ရက်ပေါင်း ၉၀ ရရှိရေး အတည်ပြုစာ ရရှိဖို့အတွက် လူနာနဲ့ လူနာရှင်တွေရဲ့ အချက်အလက်တွေကို ရက်ချိန်းယူထားတဲ့ သက်ဆိုင်ရာ ဆေးရုံကို ပေးပို့ရမှာပါ။
ထိုင်းနိုင်ငံကို ဝင်ရောက်မယ့် လူနာနဲ့ လူနာရှင်တို့ဟာ လေဆိပ်၊ လူဝင်မှုကြီးကြပ်ရေးဌာနမှာ ဆေးရုံက အတည်ပြုစာနဲ့ နိုင်ငံကူးလက်မှတ်တို့ကို ပြသရမှာဖြစ်သလို ဆေးရုံမှာ ဆေးကုသမှု ပြီးဆုံးပါက မိမိနိုင်ငံကို ပြန်လည်ထွက်ခွာရမှာ ဖြစ်တယ်လို့ သိရပါတယ်။
Photo : Ministry of Foreign Affairs Myanmar